ထီးချိုင့်မြို့တွင် တိုက်ပွဲပြန်လည်ပြင်းထန်လာပြီး စစ်ဘေးရှောင်ပိုတိုးလာ

0
414
ပုံစာ - တိုက်ပွဲပြီးနောက်တွေ့ရသည့် ထီးချိုင့်မြို့ပေါ်မြင်ကွင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့်မြို့တွင် ပြည်သူ့ကာကွယ်ရေးတပ် PDF မဟာမိတ်ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ ပြန်လည်စတင်ခဲ့ပြီး စစ်ဘေးတိမ်းရှောင်သူ ပိုတိုးလာကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဒီဇင်ဘာ ၄ ရက်နေ့တွင် ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဆင်နွဲနေသည့် PDF များနှင့် မဟာမိတ် ပူးပေါင်းတပ်များကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“မနေ့က လေယာဉ်နဲ့ လေယာဉ်နဲ့ ကြဲတာ တစ်နာရီကျော်တယ်။ တချိန်လုံးကြဲ၊ တစ်နေကုန်ကြဲတယ်၊ ပက်ပက်စက်စက်ကြဲ၊ ဒီနေ့တော့ မဖြစ်ဘူး။ အဲ့တာ ဘယ်သူနိုင်တယ် ရှုံးတယ်မသိတော့ဘူး” ဟု စစ်ဘေးတိမ်းရှောင်လာသည့် အမျိုးသမီးတစ်ဦး ပြောပါသည်။

တိုက်ပွဲသည် ထီးချိုင့်မြို့ပေါ်အပြင် ကြက်သွန်ခင်းကျေးရွာ၊ ကုက္ကိုလ်ကုန်းကျေးရွာ၊ ဧရာဝတီမြစ်တဖက်ကမ်းရှိ မြတောင်ကျေးရွာအနီးမှာလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

“ထီးချိုင့်ကတော့ စနေပြန်ပြီ။ ဒီရက်ပိုင်းအတွင်းမှ ပြန်စနေတာ၊ လေယာဉ်တော့ နည်းနည်းစိပ်တာပေါ့အေ၊ ပေါင် ၅၀၀ ဗုံးကို ရှစ်လုံးလောက်ရှိပြီ ဒီမှာ” ဟု PDF နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် အုတ်စုံ၊ မောင်းကုန်းကျေးရွာတွင် စစ်ဘေးတိမ်းရှောင်သူ ၄၀၀၀ ကျော်ရှိလာပြီး၊ ဆံချည်တောင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင် ၂၀၀၀ ကျော် ရောက်ရှိလာကြောင်း စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထီးချိုင့်မြို့ပေါ်ဒေသခံများသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၈ ရက်နေ့ မှ စတင် ထွက်ပြေးတိမ်းရှောင်ကြရသည်မှာ တစ်လနီးပါး ကြာမြင့်လာသော်လည်း မည်သည့်အကူအညီမျှ မရခြင်းကြောင့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး ဆိုးဆိုးရွားရွား ကြုံတွေ့နေရကြောင်း စစ်ဘေးရှောင်များက ပြောဆိုနေကြသည်။

ထီးချိုင့်မြို့နှင့် ၄ မိုင် ပတ်ဝန်းကျင်ရှိ ကျေးရွာများကိုလည်း PDF ထိန်းချုပ်ထားသည့် အလယ်တောကျေးရွာဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရန် PDF တပ်ဖွဲ့များက သတိပေးထားကြောင်း စုံစမ်းသိရသည်။

စစ်ဘေးတိမ်းရှောင်သူများသည် ထီးချိုင့်မြို့နယ်အတွင်း၌ နေထိုင်ရပ်တည်ရေး ခက်ခဲလာမှုကြောင့် မန္တလေးမြို့နှင့် မိုးညှင်းမြို့နယ်ဘက်ကို တိမ်းရှောင်သွားသူများလည်း များပြားလာနေကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

ရှမ်းနီအသံ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here