တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အရှေ့တောဒေသ ဖောင်းတောကျေးရွာအနီးရှိ စစ်ကောင်စီကျောက်ထုစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီ ၂၄ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ထိုစစ်ဆင်ရေးတွင် ပါဝင်သည့် PDF ရဲဘော်များထံမှ သိရသည်။
စစ်ကောင်စီတပ်သားအင်အား ၄၀ ကျော် တပ်စွဲနေထိုင်သော ကျောက်ထုစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ (PDF) တို့က ဇန်နဝါရီ ၂၃ ရက်နေ့ ညနေပိုင်းတွင် အင်အားအလုံးအရင်းနှင့် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၂၄ ရက်နေ့ နံနက်ပိုင်းမှသာ စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု PDF ရဲဘော်များက ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး ထက်မနည်း သေဆုံးပြီး ထွက်ပြေးလွတ်မြောက် သွားသည့် တပ်ဖွဲ့ဝင်များလည်းရှိကြောင်း စစ်ဆင်ရေးတွင် ပါဝင်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ရဲဘော်တစ်ဦးက ပြောဆိုသည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီအသုံးပြုသည့် စိန်ပြောင်း ၂ လက်၊ သေနတ် ၆ လက်၊ လက်နက်ကြီးဗုံးသီး၊ မိုင်း၊ လက်ပစ်ဗုံးများ အပါအဝင် ခဲယမ်းအမြောက်အများနှင့် စစ်သုံးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းတို့ထံမှ သိရပါသည်။
ကျောက်ထုစခန်းသိမ်း တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များက အသေးစိတ် ထုတ်ပြန်ပေးသွားမည်ဟုလည်း ပြောဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲသည် တနင်္သာရီတိုင်းအတွင်း တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့များ၏ ပထမဆုံးအကြိမ် စခန်းသိမ်းပိုက်မှုလည်းဖြစ်ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။