တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ထားဝယ်အရှေ့တောဒေသကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံ ၃၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံက သိရသည်။
အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ဧပြီ ၂၉ ရက်နေ့ကစပြီး ထားဝယ်မြို့ကနေ ထားဝယ် အရှေ့တောဒေသဖြစ်သည့် ထီးခီးဒေသဘက်ကို စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်သည်ဟု ၎င်းတို့ကပြောသည်။
စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာတာကြောင့် ထားဝယ်အရှေ့တောဒေသဖြစ်သည့် သရက်ငုတ်ကျေးရွာ၊ သင်္ကန်းတုန်းကျေးရွာ၊ ဝကုန်းကျေးရွာအပါအဝင် အနီးအနားရှိ ကျေးရွာများက ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
ထားဝယ်အရှေ့တောဒေသခံများ၏ ပြောပြချက်အရ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာချိန် မတိမ်းရှောင်ပါက ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရမှုတို့ရှိနေကြောင်း ၎င်းတို့က ပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၃၀ ရက်နေ့ မနက်ပိုင်းတွင် ဝကုန်းကျေးရွာအနီးကို ရောက်ရှိလာသော်လည်း တော်လှန်ရေးတပ်ဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားသည်ကို မတွေ့ရှိရကြောင်း ၎င်းတို့က ပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့က ထီးခီးနယ်စပ်အနီးရှိ စစ်ကောင်စီတပ်၏ ထီးထဗျူဟာစခန်းကို တော်လှန်ရေးတပ်ဖွဲ့တို့က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က ထီးခီးနယ်စပ်နှင့် တောင်သုံးလုံးကျေးရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေသလို လက်နက်ကြီးနှင့်ပါ ပစ်ခတ်နေတာကြောင့် ဧပြီ ၂၀ ရက်နေ့လောက် စတင်ပြီး မေတ္တာမြို့၊ ထီးခီးနယ်စပ်ဒေသ၊ တောင်သုံးလုံးကျေးရွာနှင့် ကျောက်မဲတောင်ကျေးရွာက ဒေသခံ ၁၀၀၀ ကျော်လည်း ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တော်လှန်ရေးတပ်ဖွဲ့တို့ ပြောဆိုမှုအရ စစ်ကောင်စီတပ်က ထီးထဗျူဟာစခန်းကို ပြန်လည်ရယူရန်အတွက် ထီးခီးနယ်စပ်ကို အင်အားဖြည့်တင်းမှု လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။