ထန်တလန်မြို့ပေါ်ရှိ စစ်ကောင်စီအမာခံ Lai Villa ကို ချင်းပြည်အစိုးရတပ်ဖွဲ့ သိမ်းပိုက်

0
175

ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီ အမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့က စက်တင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းက အပြီးသတ် သိမ်းပိုက်လိုက်သည်ဟု သိရသည်။

ထန်တလန်မြို့ထဲရှိ ဒုတိယအမြင့်ဆုံးတောင်ကုန်းနေရာတွင် တည်ရှိသော Lai Villa တည်းခိုခန်း၌ စစ်ကောင်စီတပ်ဖွဲ့များ အခိုင်အမာခြေကုပ်ယူတပ်စွဲထားကြပြီး ချင်းပြည်အစိုးရတပ်ဖွဲ့က ဒရုန်း၊ လက်နက်ကြီးများဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာလ ၁၇ ရက်နေ့ ညနေပိုင်းမှာပင် အပြီးသတ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

“စက်တင်ဘာလ ၁၆ ရက်မှာ စစ်ခွေး ၃ ယောက် လက်နက် ၄ လက်နဲ့ ကျနော်တို့ဆီ ပူးပေါင်းလာတယ်။ အဲဒီပြီးခါမှ မနေ့က ကျနော်တို့က သွားချဉ်းကပ်ပြီးတော့ ဒရုန်းတွေနဲ့ဗုံးကြဲတော့ သူတို့ ဆုတ်သွားတယ်။ ကျနော်တို့ သေနတ် ၅ လက်လောက် ပြန်ရတယ်။ အခုလိုင်ဗီလာက ကျနော်တို့ကစိုးမိုးထားတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။

လိုင်ဗီလာတည်းခိုခန်းရှိသည်နေရာသည် ထန်တလန်မြို့ထဲက စစ်ကောင်စီတပ်စခန်း ၂၆၉ တပ်ကုန်းပြီးရင် ဒုတိယအမြင့်ဆုံး တောင်ကုန်းဖြစ်ပြီး စစ်ရေးဗျူဟာအရ အချက်အချာကျသည့်နေရာဖြစ်ကြောင်း သိရသည်။

လိုင်ဗီလာကို မသိမ်းပိုက်ခင်တစ်ရက်အလို စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သား ၃ ယောက်သည် လက်နက် ၄ လက်၊ ခဲယမ်းများနှင့်အတူ ချင်းပြည်အစိုးရတပ်ဖွဲ့ထံ အလင်းဝင်ရောက်ခဲ့သည်ဟု ဆိုသည်။

ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရတပ်ဖွဲ့အနေဖြင့် ထန်တလန်မြို့သိမ်းပိုက်နိုင်ရေး Tilim Operation-4 စစ်ဆင်ရေးကို ဇူလိုင်လ ၂၂ ရက်နေ့ကစတင်ခဲ့ပြီး ထန်တလန်မြို့ပေါ်က ခလရ ၂၆၉ တပ်ကုန်းအပါအဝင် ဟားခါး – ထန်တလန်ကြားက စစ်ကောင်စီစခန်း ၈ ခုထက်မနည်းကို သိမ်းပိုက်ထားပြီးဖြစ်သည်။

လက်ရှိတွင် ထန်တလန်မြို့ထဲက NLD ရုံးဟောင်း၊ ရဲစခန်း နှင့် CB ဘဏ်အဆောက်အအုံစသည့် ၃ နေရာတွင် စစ်ကောင်စီတပ်ဖွဲ့များ ခြေကုပ်ယူတပ်စွဲထားကြဆဲဖြစ်ပြီး အင်အား ၁၀၀ မပြည့်တော့ကြောင်း သိရသည်။

ဆလိုင်းထက်နီက “ဒီထန်တလန်မှာ စစ်ကောင်စီမကင်းစင်သရွေ့ကတော့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ အခက်အခဲတခုကတော့ ဟားခါးကနေ လက်နက်ကြီးနဲ့ နေ့စဉ်နဲ့အမျှ ကျနော်တို့ရှိနိုင်မယ့်နေရာတွေကို ပစ်ကူတာတွေ လုပ်နေတာပေါ့လေ” ဟု ပြောသည်။

ထန်တလန်မြို့ တိုက်တာအဆောက်အအုံဟောင်းများတွင် ခြေကုပ်ယူထားကြသော စစ်ကောင်စီတပ်ဖွဲ့များသည် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပြတ်လပ်လာနေပြီး ချင်းပြည်အစိုးရတပ်ဖွဲ့ဘက်က ထန်တလန်မြို့ သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိနေသည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here