ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ နန်ဇံ (Nakzang) ရွာ တရွာလုံးကို မီးရှို့ဖျက်ဆီးခဲ့မှုအပေါ် ZRA က တာဝန်ခံရမည်ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး CNF က ဧပြီလ ၇ ရက်က ထုတ်ပြန်ပြောဆိုသည်။
ဧပြီ ၃ ရက်နေ့က ZRA တပ်ဖွဲ့သည် တွန်းဇန်မြို့ရှိ ချင်းပြည်ကောင်စီပူးပေါင်းတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ရာတွင် ZRA တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာချိန်အတွင်း နန်ဇံကျေးရွာရှိ လူနေအိမ် ၈၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်မှုတွေက အဓိက အဲဒါကို ZRO/ ZRA အပေါ်မှာ အားလုံးတာဝန်ရှိတယ်။ ဒီနွေဦးတော်လှန်ရေးကာလမှာ တဖက်နဲ့တဖက် စစ်ရေးအရ ပြသနာကို ဖြေရှင်းရမယ့်ဟာကို ဘာမှမဆီမဆိုင်တဲ့ ပြည်သူလူထုကို အဲဒီလို အသက်အိုးအိမ်စည်းစိမ်ကို မီးရှို့ဖျက်ဆီးမှုတွေဟာ ပြည်သူလူထုတွေရဲ့ အခက်အခဲဖြစ်ပေါ်မှုဟာ သူတို့အပေါ်မှာပဲ တာဝန်ရှိတယ်လို့ ပြောချင်တာပါ” ဟု ပြောသည်။
နေအိမ်မီးရှို့ဖျက်ဆီးခံရသော နန်ဇံကျေးရွာသားများသည် တွန်းဇံမြို့ပေါ်တွင် ခိုလှုံနေထိုင်လျက်ရှိပြီး အခြေခံ စားနပ်ရိက္ခာများအပါအဝင် နေထိုင်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိသည်ဟု သိရသည်။
နန်ဇံကျေးရွာသည် ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – တွန်းဇံ၏ စစ်ဦးစီချုပ်တာဝန်ယူထားသူ ပူးထန်ဆွင်းမုန်၏ ဇာတိရွာဖြစ်ကြောင်း သိရသည်။
CDF – တွန်းဇံမှ ပူးထန်ဆွင်းမုန်က “ကျနော် ဇာတိရွာပါ။ မီးရှို့သွားကြပါတယ်။ ZRA တွေက တအားစိတ်နာလွန်းလို့ မီးရှို့သွားတာပါ။ အခုချိန်မှာက ကျနော်တို့လည်း ZRA နဲ့ စကစရန်ကြောင့် လက်နက်ခဲယမ်းတွေ ဖြည့်တင်းရတဲ့အချိန် ဖြစ်နေတယ်။ အဲဒါကြောင့် ဘာမှကူညီပေးနိုင်တာ မဟုတ်သေးဘူး။ ပြည်တွင်း/ပြည်ပက ကူညီပေးတာတွေရှိရင်တော့ ပြန်လည်ထူထောင်ရေးတွေ လုပ်နိုင်မှာပါ။ လောလောဆယ်မှာ ကျနော်တို့ဘာသာပဲ ပြန်လည်ထူထောင်ရေးလုပ်ဖို့က မလွယ်လောက်သေးဘူးလို့ အများပြည်သူကို တောင်းပန်ချင်ပါတယ်” ဟု ပြောသည်။
နိုင်ငံတဝန်းငလျင်ဘေးဒဏ်ကြောင့် လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ အရေးပေါအခြေအနေတွင် မတ်လ ၂၈ ရက်ကတည်းက တဖက်သတ် အပစ်ရပ်ဆိုင်းထားမှုကို အခွင့်ကောင်းယူပြီး ချင်းလဲန်းကောင်စီ ပူးပေါင်းတပ်နှင့် အရပ်သားများကို ရည်ရွည်ချက်ရှိရှိ တိုက်ခိုက်ခြင်းကို လုံးဝလက်ခံ၊ သည်းခံနိုင်စရာ မရှိသည့်အတွက် လိုအပ်သလိုပြန်လည်တုန့်ပြန်သွားမည်ဟု CNF က ဆိုသည်။
“သူတို့က စစ်ရေးအရ ကျနော်တို့ကို လာထိုးနေတယ်။ အဲဒါကြောင့် ကျနော်တို့က ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာပေါ့။ ပြည်သူလူထု ထိခိုက်နစ်နာမှုတွေကိုသော်လည်းကောင်း၊ အဓိကက စစ်ကောင်စီနဲ့ ပူးပေါင်းနေတာတွေသော်လည်းကောင်း ဒါက ကျနော်တို့ သည်းခံမှာမဟုတ်ဘူး။ အတတ်နိုင်ဆုံး ပြည်သူဘက်ကနေပြီးတော့ ဘက်ပေါင်းစုံကနေ တုန့်ပြန်သွားမှာဖြစ်ပါတယ်” ဟု ဆလိုင်းထက်နီက ပြောသည်။
ZRA သည် နွေဦးတော်လှန်ရေးတွင် ချင်းပြည်နယ်မြောက်ပိုင်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများအပေါ် မကြာခဏ တိုက်ခိုက်မှုကျူးလွန်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ZRA သည် ၂၀၁၀ ခုနှစ်ကစတင်ပြီး တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်များတွင် ဒေသခံပြည်သူများကို ဧကပေါင်းများစွာ ဘိန်းစိုက်ပျိုးစေပြီး ဘိန်းထုတ်လုပ်ရေးနှင့် ဘိန်းရောင်းဝယ်ရေးကို စနစ်တကျလုပ်ကိုင်သော အဖွဲ့ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။
ZRA – EC တပ်ဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်းတစ်ခုဖြစ်သော Zomi Political Coordination Committee ၏ ဧပြီလ ၅ ရက် ထုတ်ပြန်ချက်တွင် ချင်းလဲန်းကောင်စီပူးပေါင်းတပ်က နန်ဇံကျေးရွာ နေအိမ် ၇၀ ဝန်းကျင်ကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု တန်ပြန် စွပ်စွဲထုတ်ပြန်ထားသည်။
Zomi Political Coordination Committee ထံသို့ တွန်းဇံမြို့ကို ဝင်ရောက်တိုက်ခိုက်မှု၊ နန်းဇံရွာ မီးရှို့ခံမှုရနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းထားသော်လည်း တုန့်ပြန်ဖြေဆိုခြင်း မပြုကြသေးပါ။
CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက နန်ဇံရွာမီးရှို့ခံရမှုသည် ZRA တပ်ဖွဲ့က ကျူးလွန်ခြင်းကို ဒေသခံ ရွာသားအားလုံးက သိရှိထားပြီး ဒေသခံရွာသားများကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ကြောင်း၊ ZRA – EC မီးရှို့ဖျက်စီးမှုသည် ငြင်းမရသော အမှန်တရားသာဖြစ်ကြောင်း ပြောဆိုသည်။
KMG ပေးပို့သည်။