တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်ကို AA သိမ်းပိုက်

0
131
ပုံစာ - ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်တည်နေရာပြမြေပုံ။

ရခိုင်ပြည်၊ တောင်ကုတ်မြို့အနီး ပန်းမြောက်တောင်ပေါ်ရှိ စစ်ကောင်စီအမြောက်တပ်ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

တောင်ကုတ်မြို့တွင် အောက်တိုဘာလကုန်ပိုင်းမှစ၍ AA ၏ ထိုးစစ်ဆင်မှုများ စတင်ခဲ့ပြီးနောက် နိုဝင်ဘာ ၃ ရက်နေ့တွင် ပန်းမြောက်တောင်ပေါ်သို့ ထိုးဖောက်ဝင်ရောက်ကာ အမြောက်တပ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ပန်းမြောင်တောင်မှာရှိတဲ့ အမြောက်တပ်ကို သိမ်းလိုက်ပါပြီ။ အဲဒီတောင်က သမိုင်းဝင်ဘုရားတောင်၊ သူတို့ (စစ်ကောင်စီ) က တပ်စွဲနေတာ။ အခုတော့ နောက်ထပ်တနေရာမှာ တိုက်ပွဲဖြစ် နေတာရှိတယ်။ စစ်ကောင်စီက လေကြောင်းကနေ အဓိက ခုခံနေတယ်” ဟု ပြောသည်။

စစ်ကောင်စီ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခံ ပန်းမြောက်တောင်ပေါ်ရှိ အမြောက်တပ်သည် တောင်ကုတ်မြို့နှင့် ၇ မိုင် အကွာတွင် တည်ရှိပြီး စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါသော တပ်တစ်ခုလည်းဖြစ်သည်။

လက်ရှိတွင် တောင်ကုတ်မြို့နှင့် ၂ မိုင်အကွာ ဇီးကိုင်းတောင်ပေါ်ရှိ စစ်ကောင်စီတပ်ကို AA က ဆက်လက်ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တပ်ကြား တိုက်ပွဲပြင်းထန်နေပြီး နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းထိ တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီဘက်က လေကြောင်း အဓိကအသုံးပြု တိုက်ခိုက်နေပြီး မြို့ပေါ်တပ်ရင်းများကလည်း လက်နက်ကြီးဖြင့် အပြင်းအထန်ပစ် ကူပေးနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။

“မနေ့ကတည်းက ပန်းမြောက်တောင်ဘက်က နှစ်ဖက်တိုက်ပွဲသံ မကြားတော့ဘူး။ အခုကတော့ ဇီးကိုင်းတောင်နားမှာ တိုက်ပွဲပြင်းနေတယ်။ လေယာဉ်က အဲဒီတောင်အနီးမှာပတ်ပြီး ဗုံးကြဲချတယ်။ အခုပဲ ဗုံးကြဲပြီးပြန်သွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်ကစ၍ တောင်ကုတ်မြို့နယ်၊ ချောင်းကောက်ရပ်ကွက်အနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့အကြား နှစ်ဖက်တိုက်ပွဲ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သို့သော် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိတွေ့တိုက်ပွဲများဖြင့် နှစ်ဖက်စစ်ရေးတင်းမာနေခဲ့ပြီး အောက်တိုဘာ ၃၁ ရက်တွင် AA က ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်ခဲ့၍ တိုက်ပွဲများထန်စွာ ဖြစ်ပွားလာခြင်းဖြစ်သည်။

တိုက်ပွဲကြောင့် ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်နေသူများမှာ စစ်ကောင်စီပိတ်ဆို့ထားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ရန် အခက်အခဲများရှိနေသည်။

“ရန်ကုန်ဘက်ကို သွားဖို့လည်း အဆင်မပြေဘူး။ မြို့က ခိုးထွက်ရတာဆိုတော့ မသွားရဲကြဘူး။ မြို့ထဲမှာကလည်း နေလို့ အဆင်မပြေတော့ဘူး။ လက်နက်ကြီး၊ လေယာဉ် အကုန်လုံးကို ကြောက်နေရတယ်။ လေယာဉ်ဆိုရင် အရမ်းဝဲတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။

တောင်ကုတ်မြို့တွင် စစ်ကောင်စီတပ် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅)၊ ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ ရှိပြီး စစ်အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်ထားကြောင်း သိရသည်။

ရခိုင်ဒေသအတွင်း တိုက်ပွဲများသည် ပွင့်လင်းရာသီရောက်လာသည်နှင့်တပြိုင်နက် ပိုမိုပြင်းထန်လာနေပြီး လက်ရှိ အာရက္ခတပ်တော်က မောင်တော၊ အမ်း၊ ဂွ အပြင် တောင်ကုတ်အထိ စစ်မျက်နှာဖွင့် တိုက်ခိုက်လျက်ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here