ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ စစ်ရှုံးထွက်ပြေးပြန်လာကြသော စစ်ကောင်စီတပ်သားများသည် မကွေးတိုင်းနှင့် ပဲခူးတိုင်းအစပ်ကကျေးရွာများတွင် ပုန်းအောင်းနေထိုင်နေကြကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂ ရက်နေ့က ပဲခူးတိုင်းမှ တောင်ကုတ်ဘက်သို့ စစ်ကူသွားခဲ့သည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်သည် တောင်ကုတ်မြို့တွင် တိုက်ခိုက်ခံခဲ့ရပြီး ဒီဇင်ဘာ ၁၂ ရက်၌ ပြန်ဆုတ်လာခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ဒေသခံတစ်ဦးက “သူတို့ အဲဒီနေ့က စစ်ကူသွားတာ တစ်ရာကျော်တယ်။ ပြန်လာတော့ နှစ်ဆယ်ငါးယောက်လောက်ပဲပါတယ်။ တချို့က နယ်မြေခံရင်းတွေကို အကြောင်းမကြားဘူး။ ဒဏ်ရာရတွေလည်းများတယ်” ဟု ပြောသည်။
တောင်ကုတ်မှထွက်ပြေးပြန်လာသည့် စစ်ကောင်စီတပ်သားများသည် မကွေးတိုင်း မင်းတုန်းမြို့နယ်နှင့် ပဲခူးတိုင်း ဥသျှစ်ပင်မြို့နယ်ကြားက ကျေးရွာများတွင် အရပ်ဝတ်နှင့် ပုန်းအောင်းနေထိုင်နေခြင်း ဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။
ယခုကဲ့သို့ ပုန်းအောင်းနေသည့် စစ်ကောင်စီတပ်သားများထဲတွင် ရာထူးကြီးသူများလည်းပါဝင်ပြီး တချို့မှာ တောင်ကုတ်မှပြန်ပြေးလာသည့် လမ်းတလျှောက်တွင် အစာနှင့်ရေပြတ်လပ်ကာ သေဆုံးမှုများလည်း ရှိနေကြောင်း သိရသည်။
တောင်ကုတ်မှပြန်ပြေးလာသည့် စစ်ကောင်စီတပ်သားများထဲမှ နယ်မြေခံ စစ်ကောင်စီတပ်ရင်းများ အကြောင်းကြားပြီး ပူးပေါင်းခဲ့သူ ၂၅ ယောက်ခန့်သာရှိကြောင်း စစ်တပ်နှင့်နီးစပ်သူတို့ထံက သိရသည်။
စစ်ကောင်စီက ဒဏ်ရာရလူနာများကို မကွေးစစ်တပ်ဆေးရုံတွင် ကုသပေးနေပြီး ပြန်လည်ကောင်းမွန်ပါက ရခိုင်ပြည်နယ်ဘက်ကို စစ်ကူထပ်လွှတ်မည့်အတွက် တပ်ပြေး သို့မဟုတ် သေဆုံးစာရင်းဝင်ရန် ကြိုးစားနေကြကြောင်းလည်း သိရသည်။
မကွေးစစ်ဆေးရုံနှင့် နီးစပ်သည့် သတင်းရင်းမြစ်၏အဆိုအရ ဒီဇင်ဘာ ၁၂ ရက်တွင် ခြေပြတ်လက်ပြတ်ဒဏ်ရာရလူနာများသည် စစ်ကောင်စီဖောကား ၃ စီးနှင့် ဆေးရုံသို့ရောက်လာသည်ဟုသိရပြီး မည်သည့်နေရာကလာသည်ကို မသိရှိရပေ။
တောင်ကုတ်မြို့ စကခ ၅ ကို အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၁၄ ရက်တွင် အပြီးသတ် သိမ်းယူလိုက်ပြီဆိုသည့် သတင်းများထွက်ပေါ်ပြီးနောက် တောင်ကုတ်ရှိ စစ်ကောင်စီတပ်သားများသည် ပဲခူးတိုင်းအတွင်းရှိ မြို့ရွာများဘက်ကို ထွက်ပြေးမှုများလည်း ရှိနေကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။