16 ဧပြီ 2025 /

See today's Peace Related News

သတင်းတီးတိန်၊ ဆိုင်းဇန်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ တစ်အိမ်ထဲနေမိသားစုဝင် ၆ ဦးသေဆုံး

တီးတိန်၊ ဆိုင်းဇန်ကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ တစ်အိမ်ထဲနေမိသားစုဝင် ၆ ဦးသေဆုံး

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ ဆိုင်းဇန်ကျေးရွာကို စစ်ကောင်စီက မြေပြင်၌တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဧပြီ ၉ ရက်နေ့ ညသန်းခေါင်ယံတွင် လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်တာကြောင့် တစ်အိမ်ထဲနေ မိသားစုဝင် ၆ ဦး ပွဲချင်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့သည်ဟု ရွာသားများက ပြောဆိုသည်။

ဆိုင်းဇန်ကျေးရွာခံအမျိုးသားတစ်ဦးက “ည (၁၁) နာရီလောက်မှာ ရွာထဲကို ဗုံးကြဲလိုက်တာ။ မိသားစုတစုထဲက ၆ ယောက် သေတာ။ အမျိုးသား၊ အမျိုးသမီးရော၊ ကလေးရော ပါတယ်။ တခြားဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ နေအိမ်တွေလဲ ပျက်စီးတယ်” ဟု ပြောသည်။

ဆက်လက်ပြီး အဆိုပါအမျိုးသားက “သူတို့က ပထမဦးဆုံးအကြိမ် ဗုံးကြဲတာဆိုတော့ ခြိမ်းခြောက်တဲ့သဘော ဖြစ်မှာ။ အရပ်သားပြည်သူတွေကို ခြောက်လှန့်ပြီးတော့ တီးတိန်ကို မတိုက်ဖို့ ဖိအားပေးလာနိုင်တဲ့လှည့်ကွက်နဲ့ လုပ်တာ ထင်တယ်” ဟု ပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုတစ်စုထဲက Pa Pau Sian Kham ၊ Nu Cing Sen Don နှင့် သားသမီးများဖြစ်ကြသော Kham Ho Van ၊ Cing Sian Nuam ၊ Suan Deih Sian နှင့် Kim Deih Piang တို့ ၆ ဦး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ဆိုင်းဇန်ကျေးရွာသည် တီးတိန်မြို့နှင့် ၇ မိုင်ခန့်ကွာဝေးပြီး ယခင်က ချင်းစော်ဘွားများနေခဲ့သည့် ရွာကြီးတစ်ရွာဖြစ်သည်။

ဆိုင်းဇန်ကျေးရွာတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း မရရှိနိုင်သည့်အတွက် ပြည်သူများနှင့် ဆက်သွယ်ရန် အခက်အခဲရှိပြီး စစ်ကောင်စီက လေကြောင်းမှ ထပ်မံတိုက်ခိုက်မှု ပြုလုပ်မည်ကို စိုးရိမ်သောကြောင့် ရွာသားများ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်ဖွဲ့များက သိမ်းပိုက်ကြောင်း ဧပြီ ၉ ရက်နေ့က ထုတ်ပြန်ကြေညာအပြီး စစ်ကောင်စီက ချင်းပြည်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာခြင်းဖြစ်ပြီး မင်းတပ်မြို့နယ် ဖွီကျေးရွာကိုလည်း ဧပြီ ၉ ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဓမ္မဆရာတပါးနှင့် မိသားစုဝင် ၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

KMG ပေးပို့သည်။