တိုက်ပွဲအတွင်း ရခိုင်မြို့ပြနေပြည်သူများပါ မြေမြှုပ်မိုင်းထိခိုက်ဒဏ်ရာရရှိမှု များလာနေ

0
202
ပုံစာ - မြေမြှုပ်မိုင်းထိထားသည့် ဒေသခံအရပ်သားတစ်ဦး။

ရခိုင်ပြည်အတွင်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား ယခုတတိယအကြိမ်တိုက်ပွဲကာလတွင် မြို့ပြနေပြည်သူများနေထိုင်ရာ မြို့ပေါ်နှင့် မြို့အနီးတွင် မြေမြှုပ်မိုင်းနင်းမိ၍ အရပ်သားထိခိုက် ဒဏ်ရာရရှိမှုများရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ဇန်နဝါရီ ၃ ရက်နေ့ နံနက် ၁၀ ကျော် အချိန်တွင် ရသေ့တောင်မြို့၊ အရှေ့မြောက်ရွာသစ်ရပ်ကွက်မှ လူငယ်တစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အသက် ၂၁ အရွယ် ကိုမောင်ဆန်းဝင်းမှာ အဖော်လေးဦးနှင့်အတူ ငါးရှာရန်သွားစဉ် ရသေ့တောင်မြို့ အခြေစိုက် (၅၃၇) တပ်ရင်းရှေ့တွင် မြေမြှုပ်မိုင်းနင်းမိ၍ ညာဘက်ခြေထောက်ပြတ်ထွက်သွားခဲ့သည်ဟု ဆိုသည်။

“စားရေးသောက်ရေး ကျပ်တည်းလို့ ရှာစားခူးစားဖို့သွားကြတာ၊ အဲဒီအချိန်မှာ မိုင်းနင်းမိလို့ အခုလိုဖြစ် သွားခဲ့ရတာ။ သူတစ်ယောက်တည်း ထိသွားတာ။ ဒဏ်ရာက တော်တော်ပြင်းတော့ စိုးရိမ်ရတယ်” ဟု ရသေ့တောင်မြို့ခံတစ်ဦးက ပြောသည်။

မြေမြှုပ်မိုင်းနင်းမိဒဏ်ရာ ရရှိသွားသည့် ကိုမောင်ဆန်းဝင်းကို လက်ရှိတွင် ရသေ့တောင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့တွင်လည်း ရသေ့တောင်မြို့၊ အရှေ့မြောက်ရပ်ကွက်မှ ဦးဘတင်ဝင်း (၅၆) နှစ်မှာ စစ်ကောင်စီ၏ မြို့အဝင်စစ်ဆေးရေးဂိတ်အနီးရှိ လယ်ကွင်းပြင်တွင် နွားကျောင်းနေစဉ် မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ဖက်ခြေထောက် ပြတ်ထွက်သွားသည်အထိ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။

ရခိုင်ပြည်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်မှ စတင်သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်း ကျေးလက်ဒေသ အပါအဝင် မြို့ပေါ်နှင့် မြို့အနီးအနားတို့တွင် မြေမြှုပ်မိုင်းထိမှန်၍ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး အထိ ရှိလာနေသည် ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ပြောသည်။

မြေမြှုပ်မိုင်းထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိသူတို့တွင် မင်းပြားမှ ၂ ဦး၊ မြေပုံမှ၂ ဦး၊ အမ်းမှ ၁ ဦး၊ ရသေ့တောင်မှ ၂ ဦး၊ မောင်တောမှ ၁ ဦးတို့ ဖြစ်ပြီး ယင်းတို့အထဲတွင် မြို့ပေါ်နှင့် မြို့အနီးတွင် မိုင်းနင်းမိသူ ၄ ဦး အထိ ပါဝင်နေသည်။

လက်ရှိတွင် မြို့ပေါ်နှင့် မြို့အနီးထိ မြေမြှုပ်မိုင်းထိမှန်မှုများ ရှိလာနေသဖြင့် ဒေသခံများမှာ အသက်အန္တရာယ် လုံခြုံမှုမရှိဘဲ စိုးရိမ်စိတ်များဖြင့် သွားလာနေရသည်ဟု ပြောဆိုကြသည်။

“စစ်ကောင်စီတပ်တွေက အရပ်သားထိခိုက်ဒဏ်ရာမှာကို မစဉ်းစားဘူး။ မိုင်းတွေဆိုရင်လည်း ထောင်တာပဲ။ သူတို့လုပ်ချင်တာ လုပ်နေကြတယ်။ ကျမတို့ အခုပြေးနေရပေမယ့် နယ်မြေအေးချမ်းတဲ့အခါ မြို့ပေါ် ပြန်သွား ရမှာတောင် ကြောက်လန့်နေရတယ်” ဟု မင်းပြားမြို့မှ တိမ်းရှောင်နေသူ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်နေ့က မင်းပြားမြို့၊ ကျိန်းတောင်ဘုရားတက်လမ်းတွင် စစ်ကောင်စီတပ်သားများ ထောင်ထားသည့် မြေမြှုပ်မိုင်းကိုနင်းမိပြီး အမျိုးသားတစ်ဦး ခြေထောက်နှစ်ဖက်စလုံး ပြတ်သွားခဲ့ပြီး၊ ဒီဇင်ဘာ ၁၅ ရက်နေ့ကလည်း မင်းပြား၊ မြို့မရဲစခန်းအနီးတွင် မိုင်းနင်းမိ၍ အမျိုးသားတစ်ဦးမှာ ညာဖက်ခြေထောက် ပြတ်သွားပြီး ဘယ်ဖက်ခြေထောက်မှာ ကြွေမွသွားခဲ့သည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ပြောသည်။

လက်ရှိတိုက်ပွဲကာလတွင် ရက္ခိုင့်တပ်တော်(AA) က မြို့ပေါ်စခန်းသိမ်းတိုက်ပွဲများထိ ဆင်နွှဲနေသဖြင့် AA က ဝင်ရောက်တိုက်ခိုက်လာမည်ကို စိုးရိမ်နေသည့် စစ်ကောင်စီသည် ၎င်းတို့၏ တပ်ရင်း၊ ရဲစခန်းများအနီးတွင် မိုင်းထောင်ထားခြင်း ဖြစ်နိုင်သည်ဟု တက်ကြွလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

“အခုတိုက်ပွဲမှာ စစ်ကောင်စီက ခံစစ်နဲ့ ခုခံတိုက်ခိုက်နေတဲ့ အဆင့်လောက်ပဲ ရှိတယ်။ အဲဒီကြားမှာ စခန်းအများ အပြားကိုလည်း ဆုံးရှုံးသွားခဲ့ရပြီ။ နောက်ထပ်ကျန်ရှိနေတဲ့ မြို့ပေါ်ကစခန်းတွေကို မဆုံးရှုံးရေးအတွက် ရတဲ့နည်းနဲ့ ပြင်ဆင်မှာပဲ။ ဆိုတော့ မြို့ပေါ်အနှံ့က သူတို့တပ်စခန်းအနီးတွေမှာ မိုင်းထောင်ထားနိုင်တယ်” ဟု ၎င်းက ပြောသည်။

တဖက်တွင် စစ်ကောင်စီတပ်သားများသည် လုံခြုံရေးအရ မိုင်းထောင်ထားသည်ဟုဆိုကာ ဒေသခံများကို သွားလာခြင်း မပြုလုပ်ရန် တားမြစ်ပြောဆိုမှုများလည်း ရှိနေသည်။

ရသေ့တောင်မြို့တွင် စစ်ကောင်စီတပ်သားများက မြို့ဝင်ဂိတ်အနီးရှိ နေရာများသို့ အသွားအလာ မပြုလုပ်ရန် ဒေသခံများအား ဟန့်တားပြောဆိုထားခြင်းများရှိသည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ (စစ်ကောင်စီ) တပ်တွေက စခန်းအနီးလယ်ကွင်းပြင်တွေကို မသွားဖို့ ပြောထားတာတွေ ရှိတယ်။ မြို့အနီး ပတ်ဝန်းကျင်တွေမှာ မိုင်းတွေထောင်ထားတာနဲ့ တူတယ်။ မြို့ခံတွေ အနေနဲ့လည်း အခုနောက်ပိုင်း မိုင်းနင်း မိတာတွေ ရှိလာလို့ ပိုစိုးရိမ်နေကြတယ်” ဟု အဆိုပါမြို့ခံအမျိုးသားက ပြောသည်။

ဒီဇင်ဘာ ၂၅ ရက်ကလည်း ပုဏ္ဏားကျွန်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၅၅၀) တပ်ရင်းအနီး လယ်ကွင်းများ၌ မိုင်းထောင်ထား၍ တပ်ရင်းနှင့် ကိုက် ၆၀၀ အတွင်း စပါးခင်းများကို မရိတ်သိမ်းကြရန် စစ်ကောင်စီ တပ်သားများက လယ်သမားများကို ဟန့်တားပြောဆိုခဲ့ကြောင်း သိရသည်။

တိုက်ပွဲနယ်မြေများတွင် မိုင်းနှင့်စစ်ကျန် လက်နက်များကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ မကြာခဏ ရှိနေဖြင့် ဒေသခံများအနေဖြင့် လက်နက်ကိုင်အဖွဲ့များ၏ ကန့်သတ်နယ်မြေများကို မသွားရန်၊ မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များကို ကိုင်တွယ်ခြင်း မပြုလုပ်ရန် အထူးဂရုစိုက်ရန် လိုအပ်နေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here