29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညပိုင်းသွားလာခွင့်ပိတ်ထား

တိုက်ပွဲများကြောင့် သရက်ချောင်းမြို့နယ် ပြည်ထောင်စုလမ်းပိုင်း ညပိုင်းသွားလာခွင့်ပိတ်ထား

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ထဲ နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်နေတာကြောင့် တိုက်ပွဲဖြစ်ပွားရာ နယ်မြေအတွင်းရှိ အမှတ် – ၈ ပြည်ထောင်စုလမ်းမကြီးကို ညပိုင်းဖြတ်သန်းသွားလာခြင်းမပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်သည်။

သရက်ချောင်းမြို့နယ် ဝင်းဝကျေးရွာရှိ စစ်ကောင်စီတပ် ဝင်းဝစခန်းကုန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့်ရက်ပိုင်းကပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတာကြောင့် နေ့စဉ်ရက်ဆက် နှစ်ဖက်တပ်ကြား တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် မြိတ်-ထားဝယ် အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးကို ဧပြီ ၂၄ ရက်နေ့ကစတင်၍ ည ၇ နာရီကနေ မနက် ၅ နာရီအတွင်း ရက်အကန့်အသတ်မရှိ ဖြတ်သန်းသွားလာခြင်းမပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သရက်ချောင်းမြို့နယ်တွင် ဖြစ်ပွားနေသော နှစ်ဖက်တပ်ကြားတိုက်ပွဲများအပြင် စစ်ကောင်စီက နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံ ၆၀၀၀ နီးပါးလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တဖက်တွင်လည်း သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်အစပ်က ပလောက်မြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေပြီး မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး ပိတ်ဆို့နေခြင်းကြောင့် စားနပ်ရိက္ခာနှင့် စက်သုံးဆီပြတ်လတ်သည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။

သရက်ချောင်းမြို့နယ်တွင် ဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိနေပြီး ဧပြီ ၂၅ ရက်နေ့ မနက်ပိုင်းကလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ကျွဲခြံကျေးရွာက နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံက သိရသည်။

ထိုအခြေအနေတို့ကြောင့် စစ်ရေးအနေအထားအရ သတ်မှတ်ချိန်အတွင်း ဖြတ်သန်းသွားလာချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့၏ စစ်ဆေးမှုကိုခံယူရန်နှင့် ခွင့်ပြုချက်မရှိဘဲ ဖြတ်သန်းသွားလာပါက လုံးဝ တာဝန်ယူမည်မဟုတ်သလို မသင်္ကာဖွယ်ရာများကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သတိပေးထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။