တိုက်ပွဲများကြောင့် မူဆယ်-လားရှိုးလမ်းပိုင်း ခရီးသည်တင်ကားနှင့်ကုန်တင်ကားများ ရာနှင့်ချီပိတ်မိနေ

0
145
ပုံစာ - မူဆယ်-လားရှိုးလမ်းပိုင်းတွင် ပိတ်မိနေသည့်ကားများ။

သျှမ်းပြည် မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်လာသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားများသည် တိုက်ပွဲများကြောင့် မူဆယ်-လားရှိုး လမ်းပိုင်းတွင် ပိတ်မိနေကြောင်း ခရီးသည်တင်ယာဉ်မောင်းများထံမှ သိရသည်။

ဇူလိုင် ၃ ရက်နေ့မှစတင်၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် လားရှိုးမြို့ အဝင်/အထွက်ကို ပိတ်ထားသဖြင့် မူဆယ်မြို့မှ လားရှိုးမြို့သို့ ထွက်ခွာလာသော ခရီးသည်တင်ကားနှင့် ကုန်တင်ကားများသည် မိုင်းတင်ကျေးရွာအနီးတွင် ကားများရာနှင့်ချီ ပိတ်မိနေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကားများကို ထိမှန်မှုများလည်းရှိနေကြောင်း မူဆယ်-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ယာဉ်မောင်းကားသမားတစ်ဦးက ပြောသည်။

“မနေ့ (ဇူလိုင် ၃ ရက်) ကတော့ စစ်ကောင်စီက လက်နက်ကြီးပစ်လို့ ကားတွေထိတယ်။ နမ့်ခမ်းကလာတဲ့ ကားတစ်စီးဆို ရွှေ့လို့မရတော့ဘူး။ ကားမှန်တွေလည်းထိတယ်။ မနေ့ကတည်းက ပိတ်နေတာ သွားလို့ကိုမရဘူး။ မန္တလေးဆင်းမယ့် ကားတွေကတော့ အဲ့မှာပဲ ရပ်ထားတာပေါ့။ တချို့ပြန်လှည့်လို့ရတဲ့ ကားတွေကတော့ လှည့်လာတယ်” ဟု အဆိုပါယာဉ်မောင်းက ပြောသည်။

ပိတ်မိနေသော ကားသမားများသည် လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဖြင့် ဗုံးကြဲခံရမည်ကို စိုးရိမ်နေကြရပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပြည်သူ၏ကားများကို သိမ်းယူသွားကြောင်း ခရီးသွားများ ပြောဆိုမှုအရ သိရသည်။

“ကိုးကန့်တပ်တွေကလည်း ကားကိုကြည့်ပြီး မြင့်တဲ့ကားကိုမှ ၃ စီးလောက်ကို ယူသွားတယ်။ လူပါခေါ်သွားတယ်။ ပြန်လွှတ်လာပြီလို့တော့ သိရတယ်။ ယူသွားတာက ကားကို စစ်မြေပြင်မှာ ပြန်သုံးဖို့လို့ ကြားတယ်။ ခုက ခက်ခဲပါတယ်ဆို အဲ့လိုကားကို ယူသွားတော့ စိုးရိမ်ရတယ်။ သူတို့က ပြန်ပေးမယ်လို့သာပြောတာ ဒီကားနဲ့ပဲ လုပ်စားနေကြရတာ” ဟု ခရီးသွားတစ်ဦးက ပြောသည်။

ဇူလိုင် ၃ ရက်နေ့မှစတင်ပြီး လားရှိုးမြို့ အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်က ပိတ်ထားပြီး မြို့ပတ်လည်ရှိ အီနိုင်း၊ မိုင်းတင်၊ မန်အိုင်၊ ကုန်းညောင်၊ ရှန်ခိုက် စသည့် ကျေးရွာများတွင် တိုက်ပွဲ ပြင်းထန်နေကြောင်း ဒေသခံများက ပြောသည်။

အလားတူ သီပေါမြို့တွင်လည်း ပြည်ထောင်စုလမ်းမကြီး အဝင်အထွက် လမ်း၊ တံတားများအားလုံး ဖျက်ဆီးခံထားရသည့်အပြင် မြို့အနီးတဝိုက်နှင့် ကျောက်မဲ၊ လားရှိုး မြို့နယ်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရှိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here