30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနိုင်း - မြစ်ကြီးနားကားလမ်းပိုင်း တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများ သွားလာရေးအခက်ကြုံနေ

တနိုင်း – မြစ်ကြီးနားကားလမ်းပိုင်း တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများ သွားလာရေးအခက်ကြုံနေ

ကချင်ပြည်နယ် မြစ်ကြီးနား – တနိုင်းလီဒိုကားလမ်းပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် -KIA နှင့် မင်းဇေသန့်ပြည်သူ့စစ်တို့ နှစ်ဖက်စစ်ရေးတင်းမာနေတာကြောင့် ခရီးသွားပြည်သူများ သွားလာရေးတွင် အခက်အခဲကြုံနေကြောင်း သိရှိရသည်။

တနိုင်း – မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာတွင်ထိုင်ထားသည့် KIA တပ်ဖွဲ့၏ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ ယနေ့ချိန်အထိ နှစ်ဖက်ကြား စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်ဟု တနိုင်းဒေသခံတို့က ပြောဆိုသည်။

မြစ်ကြီးနားတွင် ရောက်ရှိနေသည့် တနိုင်းဒေသခံတစ်ဦးက “လမ်းမှာလည်း အခြေနေကြည့်ပြီးသွားနေရတယ်။ အရှေ့မှာ အခြေနေမကောင်းဘူးဆို နားရပြန်ပြီ။ ဒီလမ်းက ပုံမှန်တောက်လျှောက်မောင်းရင် တစ်ရက်ခရီးတောင် မရှိဘူးလေ။ အခုကအဆင်းကို နမ္မတီးမှာတညအိပ်လိုက်ရတယ်။ တညအိပ်ခရီးဖြစ်သွားတာပေါ့” ဟု ပြောသည်။

မိုင်ပေါင်းတစ်ရာနီးပါးဝေးသည့် မြစ်ကြီးနား-တနိုင်းခရီးလမ်းမှာ ပုံမှန်ချိန်ဆို တစ်ရက်ခရီးသာကြာမြင့်ပေမယ့် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းကစ၍ စစ်ရေးအခြေအနေကြောင့် ခရီးသည်အများစုမှာ တစ်ညအိပ်ခရီးဖြင့် သွားနေရသည်ဟု ဆိုသည်။

“ကားက နေ့တိုင်းတော့ ထွက်ပါတယ်။ ခရီးသည်ကားရောကုန်ကားရော ဒါပေမယ့် တရက်ထဲနဲ့ရောက်မယ်လို့တော့ အားမခံလို့မရဘူးဗျ။ လမ်းမှာ တညအိပ်ရတာတွေတော့ ရှိတယ်ဗျ။ ကျနော်တို့လည်း ပြောရခက်တယ်” ဟု မြစ်ကြီးနား – တနိုင်းလမ်းပိုင်း ပြေးဆွဲနေသည့် ကားဂိတ်စခန်းတစ်ခုမှတာဝန်ရှိသူက ပြောဆိုသည်။

စစ်ရေးအခြေအနေကြောင့် တနိုင်းဘက်က ဆင်းလာသည့် ခရီးသည်များမှာ နမ္မတီး၊ လဝါးကျေးရွာ၌ ညအိပ်ရသလို မြစ်ကြီးနားဘက်ကနေ တနိုင်းဘက်တက်သွားသည့် ခရီးသည်များသည် နမ်ဖြတ်၊ ဘန်ကောက် စသည့်ကျေးရွာတို့တွင် ညအိပ်ရကြောင်း သိရသည်။

မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က ယခုရက်ပိုင်း လီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ ဝါရာဇွပ်၊ လဝါး စသည့် ကျေးရွာတဝိုက်၌ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်း၊ လက်နက်ကြီးနှင့် ပစ်ခတ်မှုတို့ မကြာခဏရှိနေတာကြောင့် ခရီးသွားများပြည်သူများ အခက်အခဲကြုံတွေ့နေရခြင်း ဖြစ်သည်။

ယင်းအပြင် လီဒိုကားလမ်းမပေါ် စစ်ရေးလှုပ်ရှားနေသည့် မင်းဇေသန့်ပြည်သူစစ်အဖွဲ့က ခရီးသွားများကို ရပ်တန့်စေခြင်း စစ်ဆေးမေးမြန်းခြင်းလည်း ရှိနေသည်ဟု ခရီသွားလာသူများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ဝါရာဇွပ်၊ လဝါးကျေးရွာများဘက်ကို စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးနေပြီး မတ်လ ၁၄ ရက်နေ့ကလည်း လေကြောင်းနှင့် ဗုံးကျဲတိုက်ခိုက်တာကြောင့် ဝါရာဇွပ်ကျေးရွာထဲရှိ လူနေအိမ် ၁၆ လုံးထက်မနည်း မီးလောင်ခဲ့ပြီး အရပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း ရွာသာများပြောဆိုသည်။

KNG ပေးပို့သည်။