တနင်္သာရီ – မောတောင်လမ်းအနီး တိုက်ပွဲပြင်းထန်နေဟုဆို

0
670

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ တနင်္သာရီ-မောတောင်လမ်း ချောင်းနှစ်ပေါက်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ တနင်္သာမြို့နယ် ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၂၈ ရက်နေ့ ညနေပိုင်းမှာ ချောင်းနှစ်ပေါက် ကျေးရွာအတွင်း ဝင်ရောက်လာတဲ့အတွက် မိုင်းဆွဲတိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲဟာ မတ် ၂၉ ရက်နေ့ ညနေပိုင်းအထိ ဆက်လက်ပြင်းထန်နေပြီး အခြေအနေအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း တနင်္သာမြို့နယ်ရေဖြူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ကူပေးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် ချောင်းနှစ်ပေါက်၊ သိန်းခွန်နဲ့အင်းတော်ကျေးရွာက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရသလို အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်ဒေသခံတွေက ဆိုကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၉ ရက်နေ့က ချောင်းနှစ်ပေါက်ရွာတံတားအနီး တိုးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာတွေလည်း ရှိခဲ့တာပါ။

တနင်္သာရီမြို့နယ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ကြား တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလာပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here