တနင်္သာရီ ဘန်ကျုတ်ကျေးရွာတိုက်ပွဲ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိနေ

0
369
ပုံစာ - ဒေသကာကွယ်ရေးတပ်ဖွဲ့တချို့ (Photo-Dawei PDF)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ဘန်ကျုတ်ကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ဒေသကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူများက ပြောသည်။

သြဂုတ် ၃၁ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းမှ ထွက်လာသော အင်အား ၇၀ ကျော် ပါသည့် စစ်ကြောင်းကို ဒေသကာကွယ်ရေးအဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာက ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ကာကွယ်ရေးတပ်ဘက်က PDF ရဲဘော် ၁ ဦးကျဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောသည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ တပ်ရင်းနှင့် သိန္နောကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီး အဆက်မပြတ် ပစ်ကူပေးခဲ့ကြောင်းလည်း ဒေသခံများထံက သိရသည်။

စက်တင်ဘာ ၁ ရက်နေ့၌ တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဖက်တပ် အကြား စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ တပ်နှင့် ဒေသကာကွယ်ရေးပူး ပေါင်းတပ်တို့ကြား မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here