တနင်္သာရီ နဘုလယ်ဒေသတွင် တိုက်ပွဲဖြစ်ပွားနေ

0
328
ပုံစာ - တိုက်ပွဲဖြစ်ပွားလာသည့် နဘုလယ်ဒေသ (Photo-CJ)

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာခြင်းကြောင့် နှစ်ဘက်တိုက်ပွဲ ဖြစ်ပွားနေကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ရှိသူက ပြောသည်။

ဇူလိုင် ၁၁ ရက်နေ့ နံနက်အစောပိုင်းကစပြီး တပ်အင်အား ၁၀၀ ခန့်ပါသော စစ်ကောင်စီစစ်ကြောင်းသည် နဘုလယ်ဒေသထဲ ဝင်ရောက်လာခြင်းကြောင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်းအထိ အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသော်လည်း ထိခိုက်ဒဏ်ရာရခြင်း အပါအဝင် တိုက်ပွဲအခြေအနေ အသေးစိတ် မသိရသေးကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ အဆိုအရ စစ်ကောင်စီစစ်ကြောင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်းဘက်ကို သွားဖို့ဖြစ်နိုင်ပြီး စစ်သင်္ဘောတစ်စီးလည်း ဘဝါကမ်းခြေတွင် ကျောက်ချထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံက သိရသည်။

နဘုလယ်ဒေသထဲသို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ယင်းဒေသအတွင်းရှိ ထိန်ကြီး၊ ဧကနိ၊ လဲရှောင်၊ ခမောက်ချောင်း၊ ဝင်ချောင်း စသည့် ကျေးရွာများက ဒေသခံ ၁၀၀၀ နီးပါး ထွက်ပြေးနေရကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေ ၁၄ ရက်နေ့က နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ရဲစခန်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်က လေကြောင်းသုံး တိုက်ခိုက်မှုတွေပါ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here