27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီ၊ မောတောင် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ၆ လ ကြာလာချိန်ထိ ရှေ့မတိုးနိုင်

တနင်္သာရီ၊ မောတောင် နယ်စပ်ကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ် ၆ လ ကြာလာချိန်ထိ ရှေ့မတိုးနိုင်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ မောတောင် – ထုံခါ နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် တော်လှန်ရေးပူးပေါင်းတပ်များ၏ ခုခံတိုက်ခိုက်မှုကြောင့် ၆ လကြာလာချိန်ထိ ရှေ့ဆက်မတိုးနိုင်ဘဲရှိနေကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၁ ထံက သိရသည်။

မောတောင် – ထုံခါ နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းကစပြီး အင်အားအလုံးအရင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

နယ်စပ်လမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ရန်အပြင် မောတောင်မြို့နယ်အတွင်းရှိ နယ်စပ်တပ်စခန်းကို စစ်ကောင်စီတပ်က တပ်ပြောင်းလဲမှုပြုလုပ်ရန်နှင့် မောတောင်မြို့ရှိ ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ရန်အတွက်လည်း KNU နယ်မြေအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဆိုသည်။

လက်ရှိတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU/KNLA) နယ်မြေအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့၏ ခုခံတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သည် အထိအခိုက်အကျအဆုံးများနှင့် ရင်ဆိုင်နေရပြီး သိန်ခွန်းကျေးရွာအနီးကနေ ရှေ့ဆက်မတိုးနိုင်ဘဲ ရှိနေသည်ဟု KNLA တပ်ရင်း – ၁၁ က ပြောဆိုသည်။

စစ်ကောင်စီတပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နယ်စပ်လမ်းကြောင်းတလျှောက်ရှိ ကျေးရွာများနှင့် အနီးအနားရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေရသည်မှာ ၆ လတိတိ ရှိနေပြီဖြစ်သည်။

တဖက်တွင်လည်း ပြီးခဲ့သည့် ဇွန် ၁၇ ရက်နှင့် ၁၈ ရက်နေ့တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများသာမက တော်လှန်ရေးတပ်ဖွဲ့များမရှိသည့် နေရာများကိုပါ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနေတာကြောင့် ပြည်သူများအနေဖြင့် ဘေးကင်းလုံခြုံရေး အစီအမံများပြုလုပ်ထားရန် KNLA တပ်ရင်း – ၁၁ နှင့် Black Cobra Column က အသိပေးထားသည်။

စစ်ကောင်စီတပ်၏ ၆ လတာ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း သိန်ခွန်းကျေးရွာနှင့် ချောင်းနှစ်ပေါက်ကျေးရွာတို့မှ ဒေသခံများသည် စစ်ဘေးဒဏ် အဓိကခံစားနေရပြီး ကျေးရွာအတွင်းရှိ တိုက်တာအဆောက်အအုံ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများကို ယာယီတပ်စခန်းအဖြစ် တပ်စွဲနေထိုင်နေသည်ဟု Black Cobra Column က ပြောသည်။

ပြီးခဲ့သည့် မေလအတွင်းကလည်း တနင်္သာရီမြို့နယ်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးဝင်ရောက်မှု၊ နှစ်ဖက်တိုက်ပွဲများအပြင် လက်နက်ကြီး၊ လေကြောင်းကနေပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၁၇,၅၀၀ ခန့် ရွာလုံးကျွတ်စစ်ဘေးရှောင်နေရသည်ဟု ဒေသတွင်းသုတေသနအဖွဲ့ဖြစ်သည့် FE 5 Thanintharyi ၏ အစီရင်ခံစာအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။