စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာ အုပ်စုအတွင်း ဆန်ပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ဆန်ဈေးနှုန်းလည်း အဆမတန်မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။
တကူဒေသအတွင်းသို့ သွားလာရာတွင် ဖြတ်သန်းဝင်ရောက်ရသည့် ဇဝဲကျေးရွာလမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက စတင်ပြီး ပိတ်ပင်ထားတာကြောင့် လူ၊ ယာဉ်သွားလာလို့ မရတောဘဲ ဆန်အပါအဝင် ကုန်ပစ္စည်းများ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရတာလို့ ဒေသခံများက ပြောဆိုသည်။
တကူဒေသတွင် ယင်းသို့ဆန်ပြတ်လပ်မှုနှင့် ကြုံနေရခြင်းကြောင့် ငွေကြေးမတတ်နိုင်သည့် ဒေသခံမိသားစုများ သည် ဆန်ပြုတ်စားရသော အခြေအနေထိ ဖြစ်နေကြသည်ဟု ဒေသခံများ၏ ပြောဆိုမှုများအရ သိရသည်။
စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်မပေးဘဲ ထိုသို့ ဆက်လက်ပိတ်ထားမည်ဆိုပါက ရေရှည်တွင် ဒေသခံများ အနေဖြင့် ငွေရှိရင်တောင် စားစရာဝယ်မရဘဲ အငတ်ဘေးနှင့် ကြုံတွေ့လာနိုင်ကြောင်း ပြောဆိုကြသည်။
တကူဒေသသို့ ဆန်အပါအဝင် စားသောက်ကုန်ပစ္စည်းများကို အခြား ရေလမ်း၊ တောလမ်းများမှ သယ်ယူ နေကြသော်လည်း သွားရေးလာရေး အခက်အခဲကြောင့် သယ်ယူပို့ဆောင်ရန် အခက်အခဲများ ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။
ဆန်သယ်ဆောင်ခွင့် အခက်အခဲကြောင့် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန် တစ်အိတ်ကို ကျပ် ၇၀,၀၀၀ ကျော်မှ ကျပ် ၁၅၀,၀၀၀ နီးပါးအထိ ဈေးနှုန်း ၂ဆ နီးပါး မြင့်တက်လာသည်ဟု ဒေသခံများက ပြောဆိုသည်။
တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စုထဲတွင် တကူ၊ သာရဘွင်၊ သိန္နော၊ ကော့မပြင်း စသည့် ကျေးရွာများ အပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါး ရှိကြောင်း ဒေသခံများထံမှ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။