30 ဇွန် 2025 /

See today's Peace Related News

Homeသတင်းတနင်္သာရီတွင် ဆီအုန်းခြံဗုံးကြဲခံရတာကြောင့် ခြံလုပ်သား၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

တနင်္သာရီတွင် ဆီအုန်းခြံဗုံးကြဲခံရတာကြောင့် ခြံလုပ်သား၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ချောင်းလမုကျေးရွာအနီးက ဆီအုန်းခြံအား လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် လုပ်သားနှစ်ဦးသေဆုံးပြီး လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံက သိရသည်။

စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၄ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ချောင်းလမုကျေးရွာဝန်းကျင်ကို လေယာဉ်နှင့် နှစ်ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ရာက ကျော်မော်-၁၉ ဆီအုန်းကုမ္ပဏီ၏ အလုပ်သမားတန်းလျားအနား ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းသို့လေကြောင်းတိုက်ခိုက်မှုကြောင့် ဆီအုန်းခြံလုပ်သား အမျိုးသားနှစ်ဦး သေဆုံးပြီး အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ယင်းသို့စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်မယ်ဆိုသည့် ယူဆချက်နှင့် လုပ်ဆောင်သွားခြင်းဖြစ်သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဗုံးကြဲခံရမှုကြောင့် အလုပ်သမားတန်းလျား ပြိုကျပျက်စီးသွားသည့်အတွက် ဆီအုန်းခြံလုပ်သား ၅၀ ဝန်းကျင်သည် နေရာရွှေ့ပြောင်းနေထိုင်ကြရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် သမီးလှကျေးရွာအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်ခုနှစ်လုံး ပျက်စီးခဲ့သည်။

တနင်္သာရီမြို့နယ်ထဲက သိန်းခွန်၊ ချောင်းလမု၊ ချောင်းနှစ်ပေါက်ကျေးရွာတို့တွင် မတ်လ ၁၃ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး တပတ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်ထက်မနည်း ပြုလုပ်ထားသည်။

သံလွင်တိုင်းမ် ပေးပို့သည်။