တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် ရမ်းဖိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့သည်ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။
ပြီးခဲ့သည့် ဇွန် ၁၇ ရက်နေ့ နေ့လယ်ပိုင်းတွင် အင်အား ၁၀၀ ဝန်းကျင်နှင့် ရမ်းဖိုကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။
မိုင်းဆွဲတိုက်ခိုက်မှုအတွင်း နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုမျိုးမရှိပေမယ့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးသည့် အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိဘူးဟု ဆိုသည်။
အလားတူ ဇွန် ၁၈ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း ရမ်းဖိုကျေးရွာအနီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်စွဲနေထိုင်နေကြသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တို့က ထပ်မံသွားရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ယင်သို့တိုက်ခိုက်မှုကြောင့် အချိန်နာရီဝက်နီးပါးအကြာ နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်မှုလည်း ရှိနိုင်သည်ဟု မြိတ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေတာဝန်ခံက ပြောဆိုသည်။
တော်လှန်ရေးအင်အားစု၏ ပြောပြချက်အရ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ယင်းနေ့ ညနေပိုင်းမှာပင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သည် ရမ်းဖိုကျေးရွာတွင် တပ်စွဲလိုက်ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကို ဒေသတော်လှန်ရေးတပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်ရင်း ၁၁ နှင့် မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။