တနင်္သာရီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုများနေ

0
128
Photo - CJ

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တနင်္သာရီ – မောတောင်လမ်းပိုင်း၌ နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု များလာသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောသည်။

တနင်္သာရီ – မောတောင်လမ်းပိုင်းကို ပြီးခဲ့သည့် ၂၀၂၄ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အား အလုံးအရင်းနှင့် စစ်ကြောင်းထိုးလာသည့်အတွက် ရေဖြူ၊ သိန်းခွန်နှင့် ချောင်းနှစ်ပေါက်ရွာအနီး ပတ်ဝန်းကျင်၌ နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေသည်ဟု ဆိုသည်။

နှစ်ဖက်တိုက်ပွဲများသည် ဇန်နဝါရီ ၁၉ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး တစ်လအတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲ အကြိမ် ၃၀ ထက်မနည်း ဖြစ်ပွားထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတို့က ပြောဆိုသည်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီဘက်က ၄၀ ကျော် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးကိုလည်း တော်လှန်ရေးတပ်ဖွဲ့ဘက်က အရှင်ဖမ်းဆီးမိထားပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိထားသည်ဟု ပြောသည်။

တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ဘက်က ၄ ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသများလည်း ရှိနေသည်ဟု သိရသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၂၀ ရက်နေ့အထိ သိန်းခွန်ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲထားတာကြောင့် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲများကြောင့် တနင်္သာရီ -မောတောင်လမ်းပိုင်းကို ယနေ့အထိ ဆက်လက်ပိတ်ထားဆဲဖြစ်ပြီး ခရီးသွားကားတွေကို ဖြတ်သန်းသွားလာခွင့် မပေးသေးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားနေချိန်ကာလအတွင်း ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့နှင့် ၂၀ ရက်နေ့တို့တွင် စစ်ကောင်စီဘက်က တိုက်လေယာဉ်နှင့် ဗုံး ၁၀ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ၁၀၀၀ ဝန်းကျင် စစ်ရှောင်နေရ သည်မှာ တစ်လကျော်ရှိလာပြီး စားဝတ်နေရေး အခက်အခဲကြပ်တည်းမှုများ ကြုံလာနေသည်ဟု စစ်ရှောင်များ ပြောဆိုမှုအရ သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here