တနင်္သာရီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိ

0
303
ပုံစာ- ဒေသကာကွယ်ရေးပူးပေါင်းတပ်နဲ့ စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်။ (Photo-Tanintharyi PDF)

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သကျက်ကျေးရွာနှင့် ဘန်ကြုတ်ကျေးရွာအကြား စစ်ကောင်စီနဲ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောဆိုချက်များ အရ သိရပါသည်။

တပ်အင်အား ၈၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းသည် နိုဝင်ဘာ ၆ ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် စစ်ကြောင်းထိုး ဝင်လာတာကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့နှင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ခြင်း ဖြစ်သည်။

အချိန် ၆ နာရီကျော်ကြာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက် သေဆုံးခဲ့ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောပါသည်။

အဆိုပါတိုက်ပွဲအတွင်း တနင်္သာရီမြို့နယ် အခြေစိုက် စစ်ကောင်စီ အမှတ် (၅၆၁) ခြေမြန်တပ်ရင်းမှ လက်နက်ကြီး ပစ်ကူပေးခဲ့သလို အနီးပတ်ဝန်းကျင် ကျေးရွာထဲသို့ လက်နက်ကြီး ပစ်ခတ်ခဲ့မှုများ လုပ်ဆောင်ခဲ့တယ်လို့ ဆိုသည်။

နိုဝင်ဘာ ၇ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားတာ မရှိသေးသော်လည်း စစ်ကောင်စီစစ်ကြောင်း ဆက်ရှိနေခြင်းကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က ပြောဆိုသည်။

နှစ်ဖက်တပ်အကြား တိုက်ပွဲအပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် သကျက်၊ ဘန်ကြုတ်၊ ဘန်လော၊ ဂဏန်းကွင်း ကျေးရွာတို့မှ ဒေသခံ ၅၀၀ ကျော်သည် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် တနင်္သာရီမြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်တိုက်ပွဲ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

တော်လှန်ရေးအင်အားစုများက လာမည့်ပွင့်လင်းရာသီကစပြီး တနင်္သာရီတိုင်းထဲတွင် နှစ်ဘက်တိုက်ပွဲများ ပိုမိုပြင်းထန် လာနိုင်တာကြောင့် ပြည်သူများအနေနှင့် အထူးသတိထား နေထိုင်သွားလာကြဖို့ တိုက်တွန်းထားပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here