ညီနောင်မဟာမိတ်အဖွဲ့ ၁၀၂၇ စစ်ဆင်ရေးစတုတ္ထနေ့တွင် စစ်ကောင်စီတပ်စခန်းများ ထပ်မံသိမ်းပိုက်

0
278

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တပ်စခန်းများကို ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ညီနောင်မဟာ ၃ ဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

၁၀၂၇ စစ်ဆင်ရေး စတုတ္ထနေ့အဖြစ် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟောင်နှင့် မုံးကိုးမြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများကို ဆက်လက်လုပ်ဆောင်နေသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ပြောဆိုခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်ရတဲ့ အဓိက အကြောင်းနှင့်ပတ်သက်၍ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က ယခုကဲ့သို့ ပြောသည်။

“အထူးသဖြင့်ကတော့ ဒီစကစက ဒီနှစ်ထဲမှာ ပိုများလာတဲ့ ကျနော်တို့ဘက်မှာ ဒီပြည်သူတွေရဲ့ အသက်အိုးအိမ်ကို လေကြောင်းတိုက်ခိုက်မှုတွေရော ဒီလက်နက်ကြီးတွေရော တောက်လျှောက်တိုက်ခိုက် ခံခဲ့ရတာရှိတယ်။ အဲ့ဒါကြောင့်မို့လို့ ဒီပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ဖို့အတွက်ကတစ်ကြောင်း၊ တစ်ကြောင်းကတော့ ကျနော်တို့နယ်မြေ ပိုမိုထိန်းချုပ်နိုင်ဖို့ပေါ့နော။ နယ်မြေထိန်းချုပ်နိုင်ဖို့ ဆိုတာကတော့ အထူးသဖြင့်က ဒီအွန်လိုင်းလောင်းကစား လိမ်လည်မှုက တော်တော်ကြီးများနေတာ။ အဲ့မှာရှိကြတဲ့ ပြည်သူလူထုတွေ ထိခိုက်မှုတွေ ရှိကြတယ်ပေါ့။ အဲ့ဒါကို ကျနော်တို့က ဆောင်ရွက်နိုင်ဖို့အတွက် ဒီနယ်မြေ ထိန်းချုပ်နိုင်မှ တရားဥပဒေစိုးမိုးရေးက ပိုပြီးဆောင်ရွက်နိုင်တာ ဖြစ်တယ်။ အဲ့ဟာက တစ်ကြောင်း၊ တစ်ကြောင်းကတော့ ဒီအာဏာရှင်ကို ပိုပြီးတော့ အမြစ်ပြတ်တော်လှန်နိုင်ဖို့ ကျနော်တို့က အော်ပရေးရှင်း စတင်ပြီးမှ ဖော်ဆောင်တာဖြစ်တယ်” ၎င်းက ပြောဆိုသည်။

အောက်တိုဘာလ ၂၉ ရက်နေ့၊ နံနက် ၄ နာရီလောက်က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်မဟာ ၂ စစ်ဒေသ နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို အပြီးသတ် တိုက်ခိုက်ချေမှုန်းခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြောသည်။

ထို့နောက် ယင်းနေ့ နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခဲ့သည့် နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ဂျက်လေယာဉ်နှင့် လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် ကျောက်ကြမ်းကျေးရွာက စစ်ကောင်စီတပ်စခန်းအပြင် သိန္နီမြို့နယ်ထဲက မာချီနော့ စစ်တပ်စခန်း၊ ချင်းရွှေဟော်ဒေသက ယာခုတ်တိုက် စစ်တပ်စခန်း၊ မုံးကိုးမြို့နယ်ထဲက နမ်ယမ် စစ်တပ်စခန်းနှင့် လားရှိုးမြို့နယ် အရှေ့ဘက်ခြမ်း ကီလိုမီတာ ၄၀၀ ကျော် အကွာတွင်ရှိသည့် စစ်တပ်စခန်း ၂ ခု ကို အောက်တိုဘာ ၂၉ ရက်နေ့၊ အစောပိုင်းမှာ ထပ်မံသိမ်းနိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ က ဆိုသည်။

ထို့အပြင် သိန္နီရဲစခန်းကိုလည်း အောက်တိုဘာလ ၂၉ ရက်နေ့က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အောက်တိုဘာလ ၂၈ ရက်နေ့တွင် သိန္နီမြို့နယ်ထဲက နမ့်စလပ်ရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အထိ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ထားနိုင်ခဲ့သည့် အခြေအနေနှင့် ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က အခုလို ပြောသည်။

“ကျနော်တို့ဘက်က တိုက်ပွဲစဖြစ်တာကတော့ မနေ့ကတည်းစဖြစ်တာ မနေ့ကတော့ ပြင်ဦးလွင်အောက်နဲ့ မိုးကုတ်လမ်းမှာရှိတဲ့ ကျနော်တို့ နောင်ချိုမြို့နယ်ထဲက သံဘိုကျေးရွာမှာ အဲမှာတော့ ဒီစကစစခန်းကို သိမ်းဆည်းရမိတာတော့ ရှိတယ်။ နောက်ထပ် ဒီနေ့ကတော့ နမ့်ခမ်းမြို့နယ်ထဲမှာရှိတဲ့ ၁၃ မိုင်စခန်းလို့ခေါ်တဲ့ တာဝါတိုင်စခန်း ဒေသအခေါ်ပေါ့ အဲဒီတာဝါတိုင်စခန်းကို သိမ်းဆည်းရမိတာတော့ ရှိတယ်” ၎င်းက ဆိုသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယနေ့အထိ စစ်ကောင်စီတပ်၏ စခန်းပေါင်း ၄၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ညီနောင်မဟာမိတ်က ထုတ်ပြန်ပြောဆိုသည်။

အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်း စခန်းသိမ်းတိုက်ပွဲများအပြင် TNLA နှင့် မန္တလေး PDF ပူးပေါင်းအဖွဲ့က စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ သပိတ်ကျင်းခရိုင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် TNLA၊ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လက်ရှိတိုက်ပွဲများကို ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ နွေဦးတော်လှန်ရေးမှ ပေါက်ပွားလာသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဟန်ချက်ညီညီ စစ်ဆင်ရေးကို အတူတကွ ဆက်လက်လုပ်ဆောင်နေပြီး သတ်မှတ်ထားသည့် စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here