29 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဆောမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လူ ၄ ဦးသေဆုံး

ဆောမြို့တွင် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် လူ ၄ ဦးသေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အသက် ၈ နှစ် အရွယ် ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မေလ ၁ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ဆောမြို့နယ်၊ အညာကတင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၂၅၀ ဗုံးများ ကြဲချခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“တိုက်ပွဲဖြစ်ပွားတာလည်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုလုပ်တာကတော့ စဉ်းစားစရာပေါ့နော်။ နှစ်ဆယ့်ကိုး ရက်နေ့က စစ်လော်ဘီ People Media မှာ တင်ထားတဲ့ပို့စ်ကြောင့်လို့လည်း ဖြစ်နိုင်တယ်လို့ သုံးသပ်ရပါတယ်” ဟု ယောအလင်းတန်းမှ ကိုအောင်ကြီးက ပြောသည်။

စစ်ကောင်စီဝါဒဖြန့် People Media တွင် ဆောမြို့နယ် စာသင်ကျောင်းအတွင်း ကာကွယ်ရေးအဖွဲ့များက Drop Bomb ပြုလုပ်နေသည်ဟုဆိုပြီး ဧပြီ ၂၉ ရက်နေ့က ဗီဒီယိုဖိုင်ကို တင်ထားသည်ကို တွေ့ရသည်။

တံတားဦးဘက်ကနေ တက်လာသည့် ဂျက်ဖိုက်တာတစ်စီးသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆောမြို့နယ်၊ အညာကတင်းကျေးရွာ စာသင်ကျောင်းကို ပစ်ခတ်ခဲ့သည့်အတွက် စာသင်ကျောင်းအနီး နေထိုင်သူများ သေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အညာကတင်းကျေးရွာခံများ ဖြစ်သည့် အသက် ၈ နှစ်အရွယ် မခွန်းဆက်ချိုအပါအဝင် အသက် (၆၅) နှစ်အရွယ် ဒေါ်မကြည်လေး၊ အသက် (၅၂) နှစ်အရွယ် ဒေါ်တင်တင်ခိုင်နှင့် အသက် (၃၈) နှစ်အရွယ် ဒေါ်ပြားသာတို့ သေဆုံးခဲ့ကြောင်းသိရသည်။

ထို့အပြင် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း နေအိမ် ၅ လုံးနှင့် စာသင်ကျောင်းပါ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင်လည်း ဆောမြို့နယ်၊ ကံချောင်းကျေးရွာအနီးတွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ် ပြုလုပ်ခဲ့ရာ၌ ပြည်သူထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။