စစ်သင်တန်းမတက်ရသေးသည့် ပင်လောင်းဒေသခံများကို အတင်းအဓမ္မလက်နက်တပ်ဆင်ပြီး ရှေ့တန်းပို့နေ

0
443

သျှမ်းပြည်၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က စစ်သင်တန်းမတက်ရသေးသည့် ဒေသခံများကို အတင်းအဓမ္မလက်နက်တပ်ဆင်ပေးပြီး ရှေ့တန်းသို့ပို့ဆောင်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ပင်လောင်းမြို့တောင်ဘက်ရှိ ကျေးရွာများတွင် စစ်သင်တန်းတက်ပြီးသူများအပြင် မတက်ရသေးသည့် ဒေသခံများကိုပါ ပအိုဝ်းပြည်သူ့စစ် PNA က လက်နက်နှင့် စစ်ဝတ်စုံအပြည့်တပ်ဆင်ပေးပြီး တိုက်ပွဲဖြစ်ပွားရာ ဖယ်ခုံ-ပင်လောင်းနယ်စပ် ရှေ့တန်းသို့ မတ်လ ၁၁ ရက်က ပို့ဆောင်နေကြောင်း ပင်လောင်းမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“တစ်အိမ်ကို ၁ ယောက်နှုန်း မဖြစ်မနေသွားရမယ်ပြောတယ်။ သူတို့က အလှည့်ကျနဲ့ခေါ်တာ၊ မသွားလို့ မရဘူး။ ကျနော်တို့က စစ်သင်တန်းလည်း မတက်ထားရဘူး။ ဘယ်လိုသေနတ်ကိုင်ပြီးတော့ သွားပစ်နိုင်မလဲ” ဟု အဆိုပါဒေသခံက ပြောသည်။

လက်ရှိတွင် ရှေ့တန်းသို့မသွားလိုသည့် ဒေသခံလူငယ်များက အခြားမြို့နယ်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြကြောင်း သိရသည်။

ပင်လောင်းမြို့နယ် နမ့်ဖာမှုရွာတွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် PNA အဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှစ၍ တော်လှန်ရေးအင်အားစု၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့ဘက်က ဒေသခံများကို ယခုကဲ့သို့ ရှေ့တန်းသို့သွားရန် အမိန့်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အလားတူ ဖေဖော်ဝါရီလ ၄ ရက်တွင်လည်း ဆီဆိုင်မြို့နယ် အနောက်ဘက် အောင်ဆုဗွေစခန်းတွင် ဆေးဖြတ်ရန် လာသည့် အသက် ၃၀ ဝန်းကျင် လူငယ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရှေ့တန်းသို့ စစ်မှုထန်းရန် ခိုင်းစေရာတွင် ငြင်းဆန်ခဲ့မှုကြောင့် လူငယ် ၁၂ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့်အတူ ပူးပေါင်းပါဝင် တိုက်ခိုက်နေလျက်ရှိသည့် ပအိုဝ်းပြည်သူ့စစ် PNA အဖွဲ့က တိုက်ပွဲအတွင်း လူအင်အား၊ ငွေရေးကြေးရေးအင်အား နည်းလာမှုကြောင့် ၎င်းတို့ထိန်းချုပ်ရာဒေသ၌ ဒေသခံများကို ကျပ် ၁ သိန်းမှ ၁၀ သိန်းအထိ အခွန် (ဆက်ကြေး) တိုးကောက်လာနေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here