စစ်တွေတွင် စစ်ကောင်စီတပ်ရင်းအသီးသီး၌ စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ ခန့်ကို အင်အားဖြည့်တင်း

0
138
ပုံစာ - စစ်တွေမြို့မှ မွတ်ဆလင်များကို စစ်ကောင်စီက ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) တွင် စစ်သင်တန်းပေးနေစဉ်။ (Photo – Social Media)

ရခိုင်ပြည်မြောက်ပိုင်းရှိ တစ်ခုတည်းသော ကျန်ရှိသည့် စစ်တွေမြို့ကို ကာကွယ်ရေးအတွက် စစ်ကောင်စီက စစ်သင်တန်းဆင်း မွတ်ဆလင် ၁,၀၀၀ ခန့်ကို တပ်ရင်းဌာနချုပ်အသီးသီးတွင် အင်အားဖြည့်တင်းကာ AA ထိုးစစ်ကို ခုခံရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာလ ပထမအပတ်ကစတင်ကာ စစ်တွေဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) အပါအဝင် ခလရ ၂၀၊ ခလရ ၂၃၂၊ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ကို စစ်သင်တန်းဆင်းများ ပို့ဆောင်၍ ပြင်ဆင်နေခြင်းဖြစ်ကြောင်း စစ်တွေ မွတ်ဆလင်အသိုင်းဝိုင်းထံမှ သိရသည်။

“သူတို့ (စစ်သင်တန်းဆင်း မွတ်ဆလင်တွေ) ကို ပြီးခဲ့တဲ့လကတည်းက တပ်ရင်းတွေကို ပို့လိုက်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ စစ်တွေကို AA ဝင်တိုက်မှာကို စိုးရိမ်တဲ့အတွက် တပ်ရင်းတွေမှာ လူအင်အားတွေ ဖြည့်လိုက်တာပါ။ ပို့လိုက်တာကတော့ ဒစကနဲ့ အခြားတပ်ရင်းတွေလည်းပါတယ်” ဟု မွတ်ဆလင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ပြည်တွင်းစစ်ပွဲတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အသက်သွင်းပြဌာန်းလိုက်ပြီးနောက် ရခိုင်ပြည်က မွတ်ဆလင်များလည်းကို အဓမ္မစည်းရုံးသိမ်းသွင်းကာ စစ်သင်တန်းပေးလျက် ရှိသည်။

၂၀၂၄ ခုနှစ်၊ မတ်လအတွင်းစတင်ကာ စစ်တွေမြို့နယ်ရှိ ဘုမေ၊ ဘာဆာ၊ သဲချောင်း၊ သက္ကာယ်ပြင် စသည့်ကျေးရွာ အပါအဝင် ဘောဒူဖ၊ အုန်းတောကြီး ဒုက္ခသည်စခန်းတို့မှ မွတ်ဆလင် ၂,၀၀၀ ကျော်ကို ဒေသကွပ်ကဲမှု စစ်ဌာနချုပ် – ဒကစ (စစ်တွေ) တွင် ၁၄ ရက်ကြာ စစ်သင်တန်းပေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် စစ်တွေမြို့နယ်၌ စစ်ကောင်စီနှင့် AA တို့ အပြန်အလှန်ပစ်ခတ်မှုများ မကြာခဏရှိနေပြီး စစ်ကောင်စီ အမြောက်တပ်ရင်းများကနေ ပုဏ္ဏားကျွန်း၊ ပေါက်တော စသည့် မြို့နယ်များသို့ နေ့စဉ်နှင့်အမျှ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်။

စစ်တွေမြို့နယ်က နောက်ထပ်မွတ်ဆလင်တစ်ဦးက “စစ်တွေမြို့နယ်မှာတော့ မကြာခဏ ပစ်ခတ်သံတွေ ကြားနေရတယ်ဗျာ။ တိုက်ပွဲ ဖြစ်တာလား တဖက်သတ် ပစ်နေတာလား အတိကျ ပြောရခက်တယ်။ အဝေးကနေ အသံတွေ ကြားနေရတာ။ ဆိုတော့ အခုသင်တန်းဆင်းတွေကိုလည်း တိုက်ပွဲပြင်းလာရင် ရှေ့ဆုံးကနေ အသေခံတိုက်ဖို့ စစ်ကောင်စီက လုပ်နေတာ” ဟု ပြောသည်။

စစ်တွေမြို့နယ်အတွင်း တိုက်ပွဲမဖြစ်ခင်က စစ်သင်တန်းပေး မွတ်ဆလင်များကို စစ်ဆေးရေးဂိတ်များနှင့် ကျေးရွာအနီးတွင် ကင်းစောင့်ခိုင်းထားသော်လည်း လက်ရှိတွင် တပ်ရင်းများသို့ ပို့ဆောင်ထားခြင်းဖြစ်သည်။

လတ်တလောတွင် တိုက်ပွဲဖြစ်ပွားလာမှုနှင့်အတူ စစ်တွေမြို့မှ မွတ်ဆလင်တချို့မှာလည်း ရန်ကုန်နှင့် အခြား AA ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရရာနည်းလမ်းများဖြင့် ထွက်ပြေးသူများလည်း ရှိလာနေသည်။

“အခုဆိုရင် စစ်တွေမြို့နယ်မှာ နှစ်ဖက်တိုက်ပွဲဖြစ်တာတွေလည်း ရှိလာတယ်။ ဒါကြောင့် စစ်တွေမြို့ကို ထိုးစစ်ဆင်လာရင် ပိတ်မိမှာကြောက်တဲ့အတွက် စစ်ရှောင်တဲ့သူတွေလည်း ရှိတယ်။ တိုက်ပွဲဖြစ်လာရင် ကျနော်တို့ မွတ်ဆလင်တွေက ပိုပြီးတော့ စစ်ဒဏ်ကို ခံရနိုင်တဲ့အတွက် ထွက်ပြေးကြတာ” ဟု ဘုမေကျေးရွာမှ စစ်ဘေးရှောင် မွတ်ဆလင်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲအတွင်း AA ၏ ထိုးစစ်များကို စစ်ကောင်စီသည် ARSA၊ RSO၊ ARA စသည့် မွတ်ဆလင်တပ်ဖွဲ့များနှင့် ပူးပေါင်းကာ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲများတွင် ခုခံခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည်။

ပြည်နယ်စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့တွင် စစ်ကောင်စီ၏ ဒကစ ဌာနချုပ်၊ ခလရ ၂၀၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ခမရ ၃၄၄၊ ခမရ ၃၅၄ နှင့်အတူ အမှတ် ၁၂ နှင့် အမှတ် ၃၆ ရဲတပ်ရင်းတို့ ရှိသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here