စစ်ကောင်စီနှင့် ကိုးကန့်တပ်အကြား ထိတွေ့တိုက်ပွဲကြောင့် ကလေးမိခင်သေဆုံး၊ လသားကလေး ဒဏ်ရာရ

0
309
ပုံစာ- လက်နက်ကြီးကျည်ကြောင့် သေဆုံးသူအား ရွာခံများက မြှပ်နှံပေးကြစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် မန်ဘန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် MNDAA တို့ အကြား ဖြစ်ပွားသည့် ထိတွေတိုက်ပွဲအတွင်း လသားအရွယ် ကလေးငယ်တစ်ဦး ဒဏ်ရာရပြီး မိခင်ဖြစ်သူ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

လားရှိုးမြို့နယ်၊ ဟိုနားပန်ဟုန်အုပ်စု၊ မန်ဘန်ကျေးရွာတွင် ဇွန်လ ၁၁ ရက်က နှစ်ဖက်တပ်အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ကြီးကျည် နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ၈ လသား အရွယ် ကလေးငယ်နှင့် ကလေးမိခင်တို့ လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်။

“ တိုက်ပွဲက ကျေးရွာအတွင်းထဲ စတင်ဖြစ်ပွားတော့ ရွာခံတွေလည်း အိမ်ပြင် မထွက်ရဲကြဘူး။ တချို့က ကတုတ်ကျင်း တူးထားတဲ့ထဲ နေတယ်။ တချို့က နေအိမ်ထဲမှာ ပုန်းနေကြတယ်။ ဒေါ်မာယွန်က အိမ်ထဲမှာ ပုန်းပြီးနေတော့ လက်နက်ကြီး အစတွေ တစ်ကိုယ်လုံး ထိထားတယ်။ သူ့ကလေးကို ပွေ့ဖက်ထားတယ်” ဟု မန်ဘန်ရွာသားတစ်ဦးက ပြောသည်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေါ်မာယွန် အသက် ၃၈ နှစ်သည် တစ်ကိုယ်လုံး လက်နက်ကြီးစများ ထိမှန် ပွဲခြင်းပြီး သေဆုံးသွားပြီး သူမ၏ ၈ လသား အရွယ် ကလေးငယ်လည်း ထိမှန် ဒဏ်ရာများကြောင့် လားရှိုးပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ်တင်ထားရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်ဖွဲ့တို့ အကြား ဖြစ်ပွားသည့် တိုက်ပွဲသည် နေ့လည် ၁ နာရီ မှ ညနေ ၄ နာရီ အချိန်အထိ ဖြစ်ပွားခဲ့ကြောင်းနှင့် တိုက်ပွားဖြစ်ပွားရသည့် အခြေအနေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် မန်ဘန်ကျေးရွာသား တစ်ဦးက အခုလို ပြောဆိုသည်။

“အဲနေ့က ကျနော်တို့ရွာထဲ စစ်ကောင်စီက မနက်ပိုင်း ၉ နာရီကတည်းက ရောက်ရှိလာတယ်။ သူတို့က အိမ်တိုင်း လာနားတယ်၊ ထမင်းတွေ လာချက်စားကြတယ်။ ကိုးကန့်စခန်းက ရွာနဲ့ အကွာ ၂ နာရီလောက် လမ်းလျှောက် သွားရတယ်။ နေ့လည်ပိုင်းရောက်တော့ ကိုးကန့်တပ် ၄ ယောက်က ရွာထဲ ဟင်းလာဝယ်ဖို့ ရောက်လာတယ်။ ရောက်လာတော့ ရွာထဲ လုံခြုံရေးယူထားတဲ့ စစ်တပ်က တွေ့လိုက်တော့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲအတွင်း လက်နက်ကြီးကျည်တစ်လုံး ကျေးရွာထဲရှိ ဒေါ်မာယွန်ဆိုသူ၏ နေအိမ်ပေါ် ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ လက်နက်ကြီးကျည်သည် MNDAA ကိုးကန့်တပ်ဖွဲ့က ပစ်ခတ်လိုက်သည့် ကျည်ဖြစ်သည် ဟု ပြောဆိုမှုများ ရှိနေသော်လည်း သီးခြားအတည်ပြုချက် မရရှိခဲ့ပါ။

လက်ရှိအချိန်ထိ မန်ဘန်ကျေးရွာထဲတွင် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်တချို့ ရှိနေပြီး ယင်းနေ့ တိုက်ပွဲအတွင်း ကျေးရွာခံ နေအိမ် ၃ လုံးလည်း လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်းနှင့် နေအိမ် ၈ လုံးမှာ လက်နက်ငယ်ကျည်များ ထိမှန်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ယခုအခါ မန်ဘန်ကျေးရွာရှိ ကျေးရွာသား တစ်ရွာလုံးနီးပါး ထွက်ပြေးတိမ်ရှောင်နေကြပြီး တချို့က နီးစပ်ရာ ဆွေမျိုးများအိမ်တွင် ထွက်ပြေးတိမ်းရှောင် နေကြရပြီး၊ အခြား‌ရွာခံ အယောက် ၅၀ ခန့်ကို လားရှိုးမြို့၊ ရပ်ကွက် ၂၊ စံကောင်းလမ်းရှိ ခရစ်ယာန်ဘုရားကျောင်းတွင် ခိုလှုံနေကြသည်ဟု ကူညီပို့ဆောင်ပေးခဲ့သူများက ပြောသည်။

လားရှိုးမြို့တွင် ဇွန်လ ၅ ရက် နံနက်ပိုင်းက လားရှိုးမြို့၊ ရပ်ကွက်-၅ နှင့် ရပ်ကွက်-၁၂ ရှိ စစ်တပ်စခန်း (၂) ခု ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းနှင့် မေလ ၂၂ ရက် နံနက်ပိုင်းတွင်လည်း လားရှိုးမြို့၊ အေတီတံတားဘက် ရှမ်းကုန်းတွင် တိုင်းရင်းသား လက်နက်တပ်ဖွဲ့တစ်ဖွဲ့က ရှော့တိုက်ဒုံး ၈ လုံး ပစ်ခတ်ခဲ့ပြီး ၆ လုံး ပေါက်ကွဲရာက နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

NMG – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here