23 ဧပြီ 2025 /

See today's Peace Related News

သတင်းစစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့တွင် လိင်လုပ်သားအမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရ

စစ်ကောင်စီထိန်းချုပ်ထားဆဲ စစ်တွေမြို့တွင် လိင်လုပ်သားအမျိုးသမီးများ ပေါ်ပေါ်ထင်ထင်တွေ့လာရ

စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်မြို့တော် စစ်တွေရှိလမ်းမကြီးနှင့် နာမည်ကြီးစားသောက်ဆိုင်များတွင် ယခုလပိုင်းအတွင်း လိင်လုပ်သားအမျိုးသမီးများကို ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရကြောင်း မြို့ခံများ ပြောဆိုမှုအရ သိရသည်။

လုံခြုံရေး စိုးရိမ်ချက်ကြောင့် စစ်တွေမြို့ခံစီးပွားရေးလုပ်ငန်းရှင်များ၊ ငွေကြေးအဆင်ပြေသူများအပါအဝင် ဒေသခံအများစုသည် ဘေးလွတ်ရာဆီ တိမ်းရှောင်နေကြပြီး မြို့တွင်း၌ အခြေခံလက်လုပ်လက်စားနှင့် ဆင်းရဲနွမ်းပါးသူ အများစုသာ ကျန်ရှိနေသည်။

မြို့အတွင်းပိတ်မိချိန် ကြာမြင့်လာသည့်အမျှ ဒေသခံများသည် အလုပ်အကိုင်မရှိခြင်း၊ စားဝတ်နေရေးနှင့် ငွေကြေး ကျပ်တည်းမှုနှင့်အတူ အငတ်ဘေးဆိုက်လာတာကြောင့် အမျိုးသမီးများသည် ဝင်ငွေရလိုရငြား လိင်လုပ်သား အဖြစ် လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း မြို့ခံများက ပြောဆိုကြသည်။

လိင်လုပ်သားအမျိုးသမီးများကို စစ်တွေမြို့ ဝေသာလီဘောလုံးကွင်း၊ အဝေးပြေးကားဂိတ်ဝန်းကျင်၊ ဘိုးဘွားရိပ်သာအနီး၊ ကမ်းနားလမ်း၊ BXT ဆိပ်ကမ်း၊ ရွှေပြည်သာကားဂိတ်အနီး၊ မြို့တွင်းရှိ နာမည်ကြီး စားသောက်ဆိုင်အချို့တို့တွင် ပေါ်ပေါ်ထင်ထင်တွေ့မြင်လာရကြောင်း စစ်တွေမြို့တွင်းနေဒေသခံ ၁၀ ဦး ထက်မနည်းက ပြောဆိုကြသည်။

စစ်တွေမြို့ခံအမျိုးသားတစ်ဦးက “အရင်က မတွေ့မိဘူး။ အခုကတော့ တကယ်အများကြီးတွေ့လာရတာပါ။ ညဘက်တွေဆိုရင် ဟိုနားမှာလည်း တွေ့ရတယ်။ ဒီနားမှာလည်း တွေ့ရတယ်။ အသက် ၃၀ ကျော်၊ ၄၀ အရွယ် လောက်ရှိတဲ့ အမျိုးသမီးတွေနဲ့အရွယ်စုံပါတယ်။ ဆွဲလားငင်လားတောင် လုပ်ကြတယ်။ လူခေါ်တယ်ပေါ့ဗျာ” ဟု ပြောသည်။

ဒေသခံတို့အား မေးမြန်းမှုအရ ယခင်က လိင်လုပ်သားများကို သတ်မှတ်နေရာများ၌သာ တွေ့မြင်ခဲ့ရသော်လည်း လက်ရှိကာလတွင် အုပ်စုဖွဲ့ ပေါ်ပေါ်ထင်ထင် တွေ့မြင်လာရသည်ဟု ဆိုသည်။

ယင်းအပြင် တဖက်တွင်လည်း စစ်တွေမြို့မှ အမျိုးသမီး Date Girl သီးသန့်ဆိုသည့် Privite Telegram Channel ကိုလည်း ယခုကာလတွင် တွေ့မြင်လာရသည်ဟု ဆိုကြသည်။

စစ်တွေမြို့ခံ (အမည်လွှဲ) ကိုမောင်မောင်က “ကျနော်ဆိုရင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရတာပါ။ ကြိုက်တဲ့နေရာကို ခေါ် တစ်သောင်းပဲပေးပါဆိုပြီးတော့ ပြောတာ” ဟု ပြောပါသည်။

ယခင်က တစ် section ကို ငွေကျပ် ၂၅,၀၀၀ ကနေ ငွေကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သော်လည်း လက်ရှိ ကာလမှာ တစ် section ကို ငွေကျပ် ၁၀,၀၀၀ ကနေ ၁၅,၀၀၀ အထိသာရှိတော့သည်ဟု သိရသည်။

လိင်လုပ်သားများ၏ အဓိကဖောက်သည်မှာ စစ်ကောင်စီလက်အောက်ခံ ရဲဝန်ထမ်း၊ စစ်သားအပါအဝင် ညအချိန် ကင်းလှည့်လည်သည့် စစ်ကောင်စီတပ်သားများ ပါဝင်ကြောင်း သိရသည်။

“စစ်တွေ နာမည်ကြီး – – နဲ့ – — စားသောက်ဆိုင်တွေမှာဆို ပေါ်ပေါ်ထင်ထင်ပဲ။ အဓိက ဖောက်သည်တွေကတော့ ရဲသား၊ စစ်သားတွေ ဗိုလ်အဆင့်ရှိသူတွေလည်း ပါကြတယ်။ တချို့ဆိုရင် အဲအမျိုးသမီးတွေကို လူသူမရှိတဲ့ နေအိမ်တွေကို ခေါ်သွားတာလည်း ရှိပါတယ်” ဟု စစ်တွေမြို့ခံအမျိုးသားက ဆက်ပြောဆိုသည်။

လက်ရှိ၌ စစ်တွေမြို့တွင် စက်သုံးဆီတစ်လီကို ငွေကျပ် ၁၇,၀၀၀၊ ပေါ်ဆန်းမွေးဆန် တစ်အိတ်ကို ငွေကျပ် နှစ်သိန်းငါးသောင်း၊ စားသုံးဆီတစ်လီတာကို ကျပ် ၁၂,၀၀၀ စသည့်ဖြင့် ဈေးနှုန်းအသီးသီး ရှိနေသည်။

ကုန်ဈေးနှုန်းမြင့်တက်ခြင်း အလုပ်အကိုင်မရှိခြင်းတို့ကြောင့် ငတ်မွတ်မှုဒဏ်ကို ဆိုးရွားစွာ ကြုံတွေ့လာရ တာကြောင့် စစ်တွေမြို့ အချို့ရပ်ကွက်မှ အမျိုးသမီးများသည်လည်း အဆိုပါလိင်လုပ်သားအဖြစ် ဝမ်းရေး ဖြေရှင်းလာကြသည်ဟု တွေ့မြင်လာရသည်ဟု စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“—-ရပ်ကွက် ညဖက်ဆိုရင် အလှပြင်ပြီးတော့ သွားကြပြီ။ သူ့မှာ ကလေးနှစ်ယောက်ရှိတယ်။ ကလေးတွေ ငတ်မွတ်တာမခံနိုင်တော့ ရတဲ့အလုပ်ကိုလုပ်တယ်။ ကျမဆိုရင် သူမ ဒီလိုလုပ်နေပြီဆိုတာကို သိရတုန်းက ရင်ဝကို ဓားနဲ့ထိုးလိုက်သလို ခံစားရပါတယ်။ တော်တော်လည်း ဆိုးရွားနေပါလားဆိုပြီးတော့ အပြစ်တောင် မပြောဝံ့ဘူး” ဟု စစ်တွေ—- ရပ်ကွက်မှအမျိုးသမီးတစ်ဦးက ပြောသည်။

တဖက်တွင်လည်း စစ်တွေမြို့ရှိ ဆင်ခြေဖုံးရပ်ကွက်မှ အခြေခံလက်လုပ်လက်စားများနှင့် ဆင်းရဲနွမ်းပါးသည့် ဒေသခံများသည် ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ဆိုးရွားစွာရင်ဆိုင်နေရပြီး ငတ်ပြတ်ဆာလောင်မှုဒဏ်ကို ခံစားနေရကြောင်း ပြောဆိုကြသည်။

ရခိုင်ဒေသတွင် မြို့သိမ်းတိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော်ကြာမြင့်နေပြီး လက်ရှိတွင် စစ်တွေ၊ မာန်အောင်၊ ကျောက်ဖြူ ၃ မြို့ကိုသာ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ရန် ကျန်ရှိနေခြင်း ဖြစ်သည်။

ယင်းအထဲမှာ စစ်တွေမြို့တွင် စစ်ကောင်စီနှင့် AA တို့ မကြာခဏ တိုက်ပွဲဖော်ဆောင်မှုတို့ရှိနေပြီး စီးပွားရေး၊ နေထိုင်ရေး၊ ကျန်းမာရေးကအစ ဂဏာမငြိမ်ဖြစ်နေသည့်အတွက် ဝမ်းရေးကိုဖြေရှင်းရန် နည်းမျိုးစုံနှင့် ကြိုးကန် နေရသည်ဟု အမည်မဖော်လိုသည့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုမှ အမျိုးသမီးတစ်ဦးက ပြောသည်။

“အခုလိုမျိုး လိင်လုပ်သားတွေ ပေါ်ပေါ်ထင်ထင်ဖြစ်လာတာကတော ကောင်းကျိုးလဲဖြစ်လာနိုင်သလို ဆိုးကျိုး လည်းဖြစ်လာနိုင်တယ်။ စိတ်ကိုအာသာဖြေဖို့ ပစ်မှတ်အဖြစ် ကလေးသူငယ်အပေါ် လိင်ပိုင်းဆိုင်ရာထိရောက်မှု လျော့နည်းလာနိုင်တာပေါ့။ လိင်လုပ်သားတွေနဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှုတွေရှိလာနိုင်တာကြောင့် အဲဒီ ကနေ တဆင့် HIV ပိုးကူးစက်မှု ပိုမြင့်လာနိုင်တယ်။ တစ်ဖက်မှာ စစ်တွေက HIV တို့၊ TV ဆေးတို့ ပြတ်နေတာ လည်း ကြားရတော့ ဒီလိင်လုပ်သားတွေအတွက်ကတော့ တော်တော်လည်းစိုးရိမ်စရာအခြေနေပါ” ဟု အမည် မဖော်လိုသည့် ရခိုင်အရပ်ဘက်အဖွဲ့အစည်းတစ်ခုက အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးက ဆက်လက်ပြီး “ဒီအခြေအနေတိုင်းဆိုရင် (စားဝတ်နေရေးခက်နေရင်) လိင်လုပ်သားက အသက်မပြည့်သေးတဲ့ကလေးငယ်တွေလဲ လိင်ကျေးကျွန်အဖြစ် ပါဝင်မှုမြင့်တက်လာနိုင်သလို လိင်လုပ်သားတွေ အတွက် ကျန်းမာရေးပိုင်းကလည်း တော်တော်လည်း စိုးရိမ်စရာဖြစ်လာမှာပါ” ဟု ပြောသည်။

ယခုအခြေနေတိုင်းသာ ဆက်ရှိနေမည်ဆိုပါက စစ်တွေမြို့တွင်းနေ အခြေခံလက်လုပ်လက်စားနှင့် ဆင်းရဲနွမ်းပါးသူများမှာ ယခုထက် ပိုဆိုးလာနိုင်ပြီး တဖက်တွင်လည်း လိင်လုပ်သားလည်း ပိုဆိုးလာနိုင်သည်ဟု သုံးသပ် ပြောနေကြသည်။

လက်ရှိ၌ စစ်တွေမြို့နယ်တွင် စစ်ကောင်စီနှင့် အရက္ခတပ်တော်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများလည်း ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။