စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်မှာ ကလေးငယ် ၃ ဦးဒဏ်ရာရ

0
229

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ကဒွန်းရှောင်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါသည်။

မေ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်က ဇဟာတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီအမြောက်တပ်မှ တိုက်ပွဲမရှိဘဲ ကဒွန်းရှောင်ရွာဘက်ကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့ပါသည်။

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ကြောင့် အသက် ၆ နှစ်အရွယ် မဖြူဖြူသင်း၊ အသက် ၈ နှစ်အရွယ် မောင်အောင်မျိုးမင်း၊ အသက် ၁၀ နှစ်အရွယ် မငြိမ်းသဇင်တို့၏ ဦးခေါင်းနှင့်ခြေထောက်တို့တွင် ကျည်ထိမှန် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပါသည်။

လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိခဲ့သော ကလေးငယ် ၃ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့များက ထားဝယ် ကုတင် ၁၀၀ စစ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရပါသည်။

ဒေသခံတွေအဆိုအရ စစ်ကောင်စီအမြောက်တပ်ဟာ ကဒွန်းကျေးရွာထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ရောက်ရှိနေသည်ဆိုသော သတင်းအရ ကျေးရွာထဲကို လက်နက်ကြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါသည်။

ထားဝယ်မြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂၀ ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်းသုတေသနအဖွဲ့များ၏ အချက်အလက်များအရ သိရပါသည်။

သံလွင်တိုင်းမ် – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here