ကရင်ပြည်နယ်၊ ဝေါ်လေအခြေစိုက် စစ်ကောင်စီ တပ်မ (၄၄) လက်အောက်ခံ ခမရ-၅၅၆ တပ်ရင်းမှ စစ်ကောင်စီတပ်သား ၂ ဦးသည် လက်နက်ခဲယမ်းနှင့်အတူ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A) ထံသို့ လာရောက်ပူးပေါင်းခဲ့သည်ဟု KNU က သတင်းထုတ်ပြန်သည်။
လာရောက်ပူးပေါင်းသည့် တပ်သား နှစ်ဦးမှာ တပ်သား ကိုကိုနိုင်နှင့် တပ်သား အိုက်လျှန်းတို့ ဖြစ်ကြပြီး၊ ခမရ-၅၅၆ တပ်ရင်းမှူး ဝင်းနောင်ထွန်း နှင့် ဒု-ရင်းမှူး သက်စိုး ဦးဆောင်သော လှုပ်ရှားစစ်ကြောင်းမှဖြစ်ပြီး လက်နက် ခဲယမ်းနှင့်အတူ K.N.L.A တပ်မဟာ (၆) ထံသို့ လာရောက် ပူးပေါင်းခဲ့သည်ဟု ကရင်အမျိုးသား အစည်းအရုံး- KNU ဗဟိုက စက်တင်ဘာ ၂၀ နေ့စွဲဖြင့် သတင်း ထုတ်ပြန်သည်။
အာဏာသိမ်း စစ်ကောင်စီတပ်မှ အထက်အရာရှိကြီးများ၏ မတရား ဖိနှိပ်အုပ်ချုပ်မှုအား မနှစ်သက်သဖြင့် ၎င်းတို့၏ တပ်မှ ကြိုးစား ရုန်းထွက်လာခြင်းဖြစ်သည်ဟု တက်သားနှစ်ဦးက ပြောဆိုကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဆက်ဖော်ပြထားသည်။
၎င်းတို့နှင့်အတူ ပါလာသော လက်နက် ခဲယမ်းများမှာ MA-1 (၁) လက်၊ ၎င်းကျည်ဘောက် (၄) ဘောက်၊ ၅.၅၆ ကျည်တောင့် (၂၃၉) တောင့် နှင့် အီကွေးမင့် (၁) စုံတို့ ဖြစ်ပြီး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားသည်အထိ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး သမားများနှင့်အတူ ပူးပေါင်းပါဝင် ကူညီသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းတပ်သား ၂ ဦးအား ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ထိုင်းဘတ်ငွေ (၅၀,၀၀၀) ငါးသောင်း ဘတ်တိတိ ကူညီထောက်ပံ့ပေးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
နိရဉ္စရာ ပေးပို့သည်။