စစ်ကောင်စီတပ်များ အညံ့ခံလိုက်တဲ့အတွက် ပင်လည်ဘူးမြို့ကို ထပ်ပြီး သိမ်းပိုက်ရရှိဟုဆို

0
336

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို နိုဝင်ဘာလ ၇ ရက်နေ့မှာပဲ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းပြီး သိမ်းပိုက်နိုင်ခဲ့ပြီလို့ စစ်ကိုင်း–ကချင် အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အတည်ပြုပြောသည်။

ပင်လည်ဘူးမြို့ပေါ် မြို့မရပ်ကွက်ရဲစခန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုင်ဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီခန့်မှာ အလံဖြူထောင် အညံ့ခံခဲ့တယ်လို့ စစ်ကိုင်း-ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က အခုလို ပြောပြသည်။

“သူတို့ရဲ့ ရဲစခန်းပေါ့နော် သုံးထပ်အဆင့်တိုက်မှာ နေရာယူထားတဲ့ အင်အား ၁၀၀ ဝန်းကျင်လောက်က အညံ့ခံတယ်တဲ့၊ မနေ့ကညကပဲ အညံ့ခံတာလို့ပြောတယ်၊ အဲ့ဒီမှာပဲ ပင်လည်ဘူးကို ရလိုက်တာပါ” လို့ ယင်းကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါသည်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက်နေ့က စတင်ပြီး စစ်ကိုင်းတိုင်း ကလေး–တမူး လမ်းမကြီးပေါ်က ခါမ်းပါတ်မြို့ ကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့ရာ နိုဝင်ဘာလ ၇ ရက်နေ့က ခမ်းပါတ်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည်။

အလားတူ နိုဝင်ဘာ ၆ ရက်နေ့မှာ ကောလင်းမြို့က စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချတပ်စွဲထားကြတဲ့ တပ်စခန်း၊ စာသင်ကျောင်းနဲ့ ရုံးတွေကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းထဲမှ ပင်လည်ဘူးမြို့က တတိယအကြိမ်မြောက် သိမ်းပိုက်နိုင်ခဲ့တဲ့မြို့လည်း ဖြစ်သည်။

လက်ရှိတွင် စစ်ကိုင်းတိုင်းထဲမှ မြို့ ၃ မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက တစ်ပတ်အတွင်း သိမ်းယူထားနိုင်ပြီလည်း ဖြစ်သည်။

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ်မှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ကနေ ၂၄ ရက်အထိ ၂ ရက်တာ တိုက်ပွဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦး သေဆုံးပြီး စစ်လက်နက်အများအပြားကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းဆည်းရမိခဲ့သည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here