စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးတွင် AA အဖွဲ့ဝင် ၁ ဦးသာပါဝင်

0
318
ပုံစာ - AA တပ်ဖွဲ့ဝင်တချို့အား တွေ့ရစဉ်။

စစ်ကောင်စီက သြဂုတ်လ ၁ ရက်တွင် လွတ်ငြိမ်းခွင့်ပြုခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးအနက် ရက္ခိုင့်တပ်တော် (AA) မှ ၁ ဦးသာ ပါဝင်သည်ဟု သိရသည်။

AA အဖွဲ့မှ လွတ်မြောက်လာသောသူမှာ သတ/၂၃/၀၀၃၈၉/က အောင်နိုင်မြင့် (ဘ) ဦးချစ်မောင် ဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီ၏ လွတ်ငြိမ်းခွင့်အမိန့် ထုတ်ပြန်ချက်တွင် ဒုတိယဝါဆိုလပြည့်နေ့၌ ကျရောက်သည့် ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင် ၂၂ ဦးကို ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁) အရ လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

“ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်း သတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုလိုက်သည်” ဟု လည်း ဖော်ပြပါရှိသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ဝင်များဖြစ်သည့် MNDAA မှ ၂ ဦး၊ TNLA မှ ၁၆ ဦး၊ SSPP/SSA မှ ၃ ဦး နှင့် AA မှ ၁ ဦး တို့ကို နာမည်နှင့်တကွ ဖော်ပြထားသည်။

AA အဖွဲ့ဝင် လွတ်မြောက်လာခြင်းနှင့် ပတ်သက်၍ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားရာတွင် ပြန်လည်ဖြေကြားမှု မရှိသေးပါ။

သြဂုတ်လ ၁ ရက်တွင် ကျရောက်သည့် ဒုတိယဝါဆိုလပြည့်နေ့တွင် စစ်ကောင်စီက မြန်မာနိုင်ငံမှ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားအကျဉ်းသူ ၇,၇၄၉ ဦး တို့ကို ပြစ်ဒဏ် လျှော့ပေါ့ပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်သည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုလည်း ပြစ်မှုထင်ရှားပြီး ပြစ်ဒဏ်ကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များအားလည်း လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ (NN-3)

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here