အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး ငလျင်ဘေးသင့်နေချိန်အတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် တိုက်ခိုက်မှုကြောင့် တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၇၂ ဦး သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့ပြီး၊ ၉၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။
ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း အပါအဝင် မကွေးတိုင်း၊ ကချင်၊ ကရင်နီ (ကယား) နှင့် ရှမ်းပြည်နယ် စသည့် ဒေသ ၁၂ ခုတွင် တစ်ပတ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးတို့နှင့် ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၉၂ ကြိမ် ပြုလုပ်ခဲ့သည် ဟု NUG က ဆိုသည်။
ကရင်နီပြည်တွင်း အခြေအနေနှင့်ပတ်သက်၍ IEC အတွင်းရေးမှူး (၂) ဦးဗညားက “မြေငလျင်လှုပ်ပြီး နောက်ပိုင်းပေါ့နော် စစ်ကောင်စီကနေ ကရင်နီမှာ အနည်းဆုံး လူထုပစ်မှတ် ရွာ ၂ ရွာကို ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိတယ်ပေါ့နော်” ဟု ပြောသည်။
ကရင်နီပြည်တွင် မြေငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးများနှင့် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုအခြေအနေကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး – ၂ ဦးဗညားက ယခုလို ဆက်ပြောသည်။
“ပထမတစ်ခုကတော့ ကလိလျားပေါ့နော် ဖရူဆိုမြို့နယ်ထဲမှာပေါ့နော် အခုအခေါ်အဝေါ်ဆိုရင်တော့ တော်ခူ အုပ်စု ခေါဘော်ကူမြို့နယ်ပေါ့နော်။ အဲ့မှာက လူထိခိုက်မှုက တစ်ယောက်နဲ့ အိမ်တစ်လုံး ပျက်စီးတယ်ပေါ့နော်။ ပေါင် ၅၀၀နဲ့ ဗုံး ၃လုံး လာကြဲသွားတယ်ပေါ့နော်” ဟု ဦးဗညားက ပြောသည်။
ဆက်လက်ပြီး ဦးဗညားက “နောက်ပြီးတော့မှ ပီကင်းကောခူပေါ့နော်၊ လွိုင်ကော် – မိုးဗြဲ အစပ်လေးမှာ မနက်ပိုင်းမှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ၃ ဦး ထိခိုက်ဒဏ်ရာရပြီးတော့မှ ၁ ဦး ဆုံးတယ်ပေါ့နော်။ ပြီး ညနေခင်း ၃ နာရီလောက်မှာ နောက်တကြိမ် လေယာဥ်နဲ့ ဗုံးလာကြဲတဲ့အတွက်ကြောင့်မို့လို့ ပြည်သူလူထု ၄ ဦး ဆုံးသွားပါတယ်။ အိမ်အပျက်အစီးကတော့ အဲ့မှာတော့ ၅ လုံးရှိတယ်ပေါ့နော်” ဟု ဆက်ပြောသည်။
အင်အားပြင်း မြေငလျင်ဒဏ်ကြုံတွေ့ရပြီးနောက် စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၆ ဦး၊ အမျိုးသမီး ၃၀ ဦး အပါအဝင် အရပ်သားပြည်သူ ၇၂ ဦး အသက်ဆုံးရှုံးခဲ့သည်ဟု NUG ၏ လူ့အခွင့်အရေးဆိုင်ရာ၀န်ကြီးဌာနက အတည်ပြုရရှိထားသော အချက်အလက်များအရ သိရသည်။
သို့သော် သေဆုံးထိခိုက်မှုများသည် မြေပြင်တွင် ယခုထက်ပိုမိုများပြားနိုင်ပြီး ထပ်တိုးစာရင်းများရှိနိုင်သည်ဟု NUG က ဆိုသည်။
စစ်ကောင်စီသည် မြန်မာနိုင်ငံတဝှမ်း ငလျင်ဘေးကြောင့် ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၂၂ ရက်နေ့အထိ အပစ်အခတ် ရပ်စဲကြောင်း ကြေညာထားသော်လည်း ထုတ်ပြန်ထားသည့် ကြေညာချက်အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေသည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF ကလည်း ထုတ်ပြန်ပြောဆိုထားသည်။
NMG ပေးပို့သည်။