ဂွမြို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပိုပြင်းထန်လာ

0
118
Photo – CJ

ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို အာရက္ခတပ်တော် (AA) က အလုံးစုံသိမ်းပိုက်ပြီးနောက် ရခိုင်တောင်ပိုင်းအစွန်ဆုံး ဂွမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့အကြား နှစ်ဖက်တိုက်ပွဲများ ပိုမိုပြင်းထန်လာနေသည်။

ဂွမြို့နယ် ကိုင်ခုံးရွာနှင့် ဂန့်ဂေါ်တောင်ဆည်အနီးတွင် စက်တင်ဘာ ၄ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စက်တင်ဘာ ၁၀ ရက်ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားရာနေရာသို့ လေကြောင်း၊ ရေကြောင်းပစ်ကူများဖြင့် နေ့စဉ်ပစ်ခတ်မှုများရှိပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင်လည်း လေကြောင်းဗုံးကြဲမှုများရှိကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“တိုက်ပွဲကတော့ နေ့တိုင်းလိုလို ဖြစ်နေကြတာ။ ပြင်းပြင်းထန်ထန်ဖြစ်တဲ့နေ့နဲ့ မိနစ်ပိုင်းလောက်ဖြစ်တဲ့နေ့လောက်ပဲကွာတယ်။ စစ်ကောင်စီကတော့ ရေကြောင်းပစ်ကူ၊ လေကြောင်းပစ်ကူတွေနဲ့ အဓိက ခုခံနေတာ။ အဓိကတော့ နေဗီ (Navy) ကနေ လက်နက်ကြီးတွေ နေတိုင်းပစ်ခတ်နေတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေရာနှင့် ၂ မိုင်ကျော်အကွာ ရတနာမြိုင် (ကုလားပြင်) ကျေးရွာတွင် စစ်ကောင်စီက ခံစစ်အခိုင်အမာ ပြင်ဆင်ထားပြီး ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ရင်းကတဆင့် အင်အားဖြည့်တင်းနေကြောင်း သိရသည်။

“ဂန့်ဂေါ်တောင်တိုက်ပွဲမှာ စစ်ကောင်စီက မြေပြင်မှာ အထိနာနေတာတွေ ရှိတယ်။ ကျိန္တလီနဲ့ ဂွမြို့ကြားက နယ်မြေတွေကို လက်လွှတ်ရမှာကို စစ်ကောင်စီက တော်တော်လေး စိုးရိမ်နေပုံရတယ်။ ဒါကြောင့် ရေကြောင်းပစ်ကူတွေကို အဓိကထားပြီး တိုက်ခိုက်‌နေတာ” ဟု စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်နေ့မှစ၍ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး AA က ကျိန္တလီမြို့ကို ဩဂုတ် ၁၃ ရက်ကစ၍ ထိန်းချုပ်ထားပြီ ဖြစ်သည်။

တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထား၍ ဂွမြို့နယ်အတွင်း ကုန်စည်ပြတ်လပ်ကာ ဒေသခံများမှာ စားဝတ်နေရေး၊ ဆေးဝါးအခက်အခဲများနှင့် ရင်ဆိုင်နေကြရကြောင်း သိရသည်။

ဂွတိုက်ပွဲများ အချိန်ကာလတစ်ခုထိ ရပ်တန့်နေခဲ့သော်လည်း မောင်တောမြို့ကျလုနီးပါး အခြေအနေနှင့်အတူ သံတွဲမြို့နယ်ကို AA က အလုံးစုံ သိမ်းပိုက်ပြီးနောက် တိုက်ပွဲ ပြန်လည်ပြင်းထန်လာခြင်းဖြစ်သည်။

“AA က ရခိုင်တစ်ပြည်လုံးကို သိမ်းပိုက်ထိန်းချုပ်သွားမယ်လို့ ပြောဆိုထားတာကြောင့် ရည်မှန်းချက်အတိုင်း တဆင့်ပြီးတဆင့် တိုက်ခိုက်သိမ်းပိုက်သွားမှာဖြစ်တယ်။ အချိန်က အနှေးနဲ့အမြန်လောက်ပဲရှိမယ်” ဟု ရခိုင် စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲ ဆယ်လနီးပါးအတွင်း အာရက္ခတပ်တော် AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ မြို့အထိ သိမ်းပိုက်ထိန်းချုပ်ထားသည်။

စစ်ကောင်စီ၏ အကြီးဆုံးတပ်ရင်းဌာနချုပ်များရှိသည့် စစ်တွေ၊ အမ်း၊ ကျောက်ဖြူ မြို့နယ်များကိုလည်း AA က ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်လျက်ရှိနေသည်။

အောင်ထိန် (DMG) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here