ဂန့်ဂေါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး အရှင်ဖမ်းဆီးရမိ

0
330

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်မှာ နိုဝင်ဘာလအတွင်း တိုက်ပွဲပေါင်း ၁၀ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၁၅ ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် (၁) စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရဲ့ လစဉ်တိုက်ပွဲနှင့် ထိခိုက်သေဆုံးမှု အချက်အလက်တွင် ဖော်ပြထားသည်။

နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၂ ကြိမ် ဖြစ်တယ်လို့ သိရသည်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၅ ဦး အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေဆီက မိုင်း ၃၆ လုံး၊ ဗုံးသီး ၅၁ လုံး၊ ကျည် ၆၂၀၅ တောင့်နဲ့ လက်နက် ၂၂ လက် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုသည်။

စစ်ကောင်စီတပ်တွေဟာ နယ်စခန်းတွေကို စွန့်လွှတ်ရတာ ဆက်တိုက်ဖြစ်လာနေပြီး မြို့ပေါ်မှာပဲ ခြေကုပ်ယူထားတဲ့ အနေအထား ဖြစ်လာတယ်လို့ ဂန့်ဂေါတိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးတပ် ဖြစ်တဲ့ ABSDF Column 3 ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ပြည့်ဖြိုးကျော်က ပြောသည်။

ဒါ့အပြင် တိုးတက်လာတဲ့ စစ်ရေးအခြေအနေဟာ ပြည်သူတွေရဲ့ထောက်ခံမှုကြောင့် ရရှိလာတာဖြစ်ပြီး ဆက်လက်ထောက်ခံ အားပေးကြဖို့လည်း ၎င်းက တိုက်တွန်းထားသည်။

ဂန့်ဂေါခရိုင်တိုက်ပွဲများသည် ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီထဲက ၉ ကြိမ်ဟာ ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တောင်ခင်ရန်းရဲစခန်းနဲ့ ကန်ရွာရဲစခန်းတွေကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးခဲ့ကြသေးသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here