ချီဖွေနှင့် ပန်ဝါတွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တပ်သားစုဆောင်းမှု အပြင်းအထန်လုပ်နေ

0
94
ပုံစာ - ကချင်အထူးဒေသ (၁) ဂွေထူဒေသတွင်မြင်တွေ့ရသည့် ပြည်သူ့စစ်တပ်သားတစ်ဦး။

ကချင်ပြည်နယ်၊ ချီဖွေမြို့နှင့် ပန်ဝါမြို့တို့တွင် စစ်ကောင်စီတပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့က ဩဂုတ်လ ၃ ရက်နေ့ကစတင်ပြီး တပ်သားစုဆောင်းမှု အပြင်းအထန်လုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။

ချီဖွေ၊ ပန်ဝါဒေသ ဦးဘောမ်လန်းဦးဆောင်သည့် ပြည်သူ့စစ်တပ်ဖွဲ့က မြစ်ကြီးနား- ချီဖွေ- ပန်ဝါ လမ်းသွားလမ်းလာ လူငယ်များကို ဆက်တိုက်ဖမ်းဆီးနေသလို သတ္တုတူးဖော်သည့် လုပ်ငန်းခွင်ထဲထိ လူငယ်များကို လိုက်လံဖမ်းဆီးပြီး ဆက်တိုက်တပ်သားစုဆောင်းနေသည်ဟု ချီဖွေဒေသခံများပြောဆိုမှုအရ သိရသည်။

“ပြည်သူ့စစ်တွေ တပ်သားအရမ်းစုဆောင်းနေတယ်။ အခုချိန် လူငယ်တွေ အပြင်မထွက်ရဲကြတော့ဘူး။ ပြည်သူ့စစ်တွေ သတ္တုဆိုက်အားလုံးမှာ လိုက်စုဆောင်းနေတာ။ ဟိုတနေ့ကလည်း ချီဖွေကနေ ၆ မိုင်အကွာ သတ္တုဆိုဒ်တစ်ခုမှာ လူငယ် ၆ ယောက်ကို ဖမ်းသွားတယ်။ ပြီးတော့ ဖီမှော်နဲ့ ပန်ဝါသွားတဲ့လမ်းဆုံ ပြည်သူ့စစ်နဲ့ စစ်တပ် ပေါင်းထိုင်တဲ့ဂိတ်မှာ ယောက်ျားလေး ၄ ယောက် ထပ်ပါသွားတယ်” ဟု ချီဖွေဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ တပ်သားစုဆောင်းရာ၌ ဒေသခံများ သွားလာနေသောလမ်း၌ ပိတ်၍ စုဆောင်းသည့်အပြင် ပန်ဝါထဲ တွင်လည်း အိမ်တိုင်ရာရောက် တစ်အိမ်ဝင်တစ်အိမ်ထွက် စုဆောင်းနေသည်ဟု ၎င်းက ဆက်ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့ကစပြီး ချီဖွေကနေ ၆ မိုင် အကွာတွင်ရှိသည့် မြေရှားသတ္တုဆိုက်တစ်ခုမှ လူငယ် ၆ ဦး ကို ပြည်သူ့စစ်တပ်ဖွဲ့က တပ်သားစုဆောင်းခေါ်ဆောင်သွားကြောင်းနှင့် ဖီမှော်နှင့် ပန်ဝါသွား လမ်းဆုံဂိတ် တွင်လည်း လူငယ် ၄ ဦး ထပ်မံဖမ်းသွားသည်ဟု ချီဖွေဒေသခံများက ပြောသည်။

ယင်းအပြင် ဩဂုတ်လ ၅ ရက်နေ့ကလည်း ပန်ဝါဒေသ မြေရှားသတ္တုတူးဖော်သောလုပ်ငန်းခွင်မှ လူငယ် ၂၀ ဦးကို ပြည်သူ့စစ်တပ်ဖွဲ့တွေက ဖမ်းသွားသည်ဟု ၎င်းတို့က ဆက်ပြောသည်။

ထိုသို့ ပြည်သူ့စစ်တပ်ဖွဲ့က လူငယ်များကို ဖမ်းဆီး၍ စစ်အင်အားဖြည့်ရာတွင် ကချင်လူငယ်များကို အဓိက ဖမ်းခေါ်ကြောင်းနှင့် ဖမ်းဆီးစုထားသည့်လူငယ်များကို မြစ်ကြီးနားဘက်သို့ ဆက်တိုက်ပို့ဆောင်နေသည်ကို တွေ့ရသည်ဟု ချီဖွေဒေသခံက ပြောသည်။

“စစ်ကောင်စီတပ်တွေ အရမ်းကျရှုံးလာလို့ သူတို့ဘက်ကို အင်အားဖြည့်ပေးဖို့အတွက်နဲ့ ရှေ့တန်းပို့ဖို့ အတွက်ပဲလို့ မြင်တယ်။ ပြီးတော့ ချီဖွေကနေ စုဆောင်းရထားတဲ့ လူငယ်တွေကို မြစ်ကြီးနားဘက်ကို ပို့နေတယ်။ လိုင်းကားကနေ ၁ ရက်ခြား ၂ ခြားနဲ့ တစ်စုစီ ပို့နေတယ်” ဟု ၎င်းက ဆိုသည်။

ယခုရက်ပိုင်းအတွင်း ချီဖွေမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ည ၁၀ နာရီနောက်ပိုင်း မြို့ထဲကို စစ်ကားများနှင့် လှည့်လည်တာတွေ လုပ်နေသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here