စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲရှိ ကျေးရွာများကို ယခုဇွန်လအတွင်း စစ်ကောင်စီတပ်က တရွာဝင်တရွာထွက် လိုက်လံ မီးရှို့ ဖျက်ဆီးခဲ့လို့ နေအိမ်များ မီးလောင်ပျက်စီးကုန်သည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်က ဇွန်လ ပထမပတ် မှ ယခု တတိယပတ် အထိ ခင်ဦးမြို့နယ်ထဲရှိ သရက်ကုန်း၊ အရာတော်၊ သာဂရ၊ ရေအေးကုန်းနှင့် အခြားသော ကျေးရွာများသို့ စစ်ကြောင်း ဝင်ရောက်လာပြီးနောက် အရပ်သား နေအိမ်များ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်သည်။
ဇွန်လ ၁၈ ရက်က အင်အား ၁၅၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းက အရာတော်နှင့် သရက်ကုန်း ကျေးရွာက နေအိမ်တချို့ကို ဝင်ရောက်မီးရှို့ခဲ့ရာ နှစ်ရွာပေါင်း နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံ ရွာသားတချို့က ပြောသည်။
အရာတော် ဒေသခံတစ်ဦးက “ အင်အားက ၁၅၀- ၂၀၀ လောက် ရှိတယ်။ ခင်ဦးမြို့နယ်ထဲက သရက်ကုန်းကို မီးရှို့တယ်။ အိမ်ခြေကတော့ ၄ – ၅ အိမ် တော့ ရှို့ခံရတယ်။ ကျနော်တို့ရွာလည်း ရှို့ခံရသေးတယ်။ အရာတော်ကတော့ ရှို့ခံရတယ်။ ၃ အိမ် မီးလောင်သွားတာပါ။ ၁၈ ရက်က ရှို့ခံရတာ။ စစ်တပ်က သရက်ကုန်းနဲ့ ပျဉ်တောင်ကြားမှာ ရှိနေတုန်း၊ တစ်ရွာဝင် တစ်ရွာထွက် လိုက်ရှို့နေတာ” ဟု ပြောသည်။
ထို့အပြင် ဇွန်လ ၁၄ ရက်ကလည်း ခင်ဦးမြို့နယ်ထဲက ကံသစ်ကျေးရွာရှိ နေအိမ် ၃၃ လုံး ကို ၅ ကြိမ် မြောက် မီးရှို့ ဖျက်ဆီးသွားသည့်အပြင် သာဂရကျေးရွာထဲက နေအိမ် ၆ လုံး ကိုလည်း ၄ ကြိမ် မြောက် ဝင်ရောက် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် အင်အား ၁၀၀ ဝန်းကျင်ခန့် ပါသည့် စစ်ကြောင်းသည် ဇွန်လ ၁၄ ရက် နံနက်ပိုင်းက ခင်ဦးမြို့ပေါ်မှ ရေဦး – ခင်ဦး ကားလမ်းဘေးရှိ လယ်ကွင်းများ အနီးတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားကာ အထိနာခဲ့ပြီးနောက် ကံသစ်ကျေးရွာထဲရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ကံသစ်ကျေးရွာ အတွင်း စစ်ကောင်စီက လက်နက်ကြီးငယ်ဖြင့် ပစ်ခတ်ဝင်ရောက် လာပြီးနောက် ပြည်သူပိုင် နေအိမ် ၃၃ လုံးကို ၅ ကြိမ်မြောက် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ခဲ့သည်။
ယင်းနေ့တွင်ပင် စစ်ကောင်စီတပ်သည် ကံသစ်ကျေးရွာမှ သာဂရကျေးရွာ ဘက်ကို ဝင်သွားပြီးခဲ့နောက် ဇွန်လ ၁၅ ရက်က သာဂရကျေးရွာမှ အထွက်တွင် ရွာထဲက နေအိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး သွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အလားတူ ဇွန်လ ၁၀ ရက် နံနက်ပိုင်းတွင် ရွှေဘိုလေ့ကျင့်ရေး (၈) တပ်က ရေအေးကုန်းကျေးရွာမှ ပြည်သူပိုင် နေအိမ် ၄ လုံးနှင့် စာသင်ကျောင်းဆောင် ၁ ဆောင်ကို မီးရှို့ဖျက်စီးကာ နွား၊သိုး အကောင် ၇၀ ကျော် ခိုးယူပြီး ဖိုလ်ကုန်းပျူ ကျေးရွာသို့ မောင်းသွားသည်ဟု ဆိုသည်။
ရေအေးကုန်း ကျေးရွာအား မီးရှို့ခဲ့သည့် အဆိုပါ စစ်ကြောင်းသည် ရွှေဘိုလေ့ကျင့်ရေး ၈ တပ်က ဖြစ်ပြီး ဇွန်လ ၆ ရက် ကလည်း မိုးနတ်ကျေးရွာမှ နေအိမ် ၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ဇွန်လ ၁ ရက် မှ စတင်ပြီး စစ်ကြောင်းထိုးလျက်ရှိပြီး ဇွန်လ ၉ ရက်တွင် ခင်ဦးမြို့ပေါ်မှ သံဘိုကျေးရွာ တောင်ဘက် ရွှေမိုးညိုဘုရားမှ တဆင့် ရေအေးကုန်း ကျေးရွာထဲသို့ လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ဝင်ရောက်လာသောကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင် နေကြရသည်။
ယင်းသို့သော အခြေအနေများကြောင့် သံဘို၊ ချောင်းဆုံ၊ ရေအေးကုန်း၊ ကျီးကန် စသည့်ကျေးရွာများက ဒေသခံ ၃၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်လျက်ရှိနေ ကြောင်း စစ်ရှောင်များကို ကူညီပေးနေသူများက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၇၆ ရွာမှ နေအိမ်ပေါင်း ၆၀၀၀ ကျော်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့မှုတို့ကြောင့် မီးဘေးသင့် ပြည်သူပေါင်း ၃ သောင်း ကျော် ရှိလာနေပြီး နေ့စဉ်နှင့်အမျှ အကူအညီများ လိုအပ်လျက် ရှိနေသည်ဟု ကူညီပေးနေသူများက ပြောသည်။
NMG ပေးပို့သည်။