ကြာအင်းဆိပ်ကြီးဒေသတွင် ပွဲလမ်းသဘင်များမပြုလုပ်ရန် NMSP(AD) အမိန့်ထုတ်တားမြစ်

0
203
ပုံစာ - NMSP (AD) ထုတ်ပြန်ကြေညာချက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးဒေသတွင် ပွဲလမ်းသဘင်များ မပြုလုပ်ရန် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP (AD) က အမိန့်ထုတ်တားမြစ်လိုက်သည်။

ကြာအင်းဆိပ်ကြီးဒေသတွင် ဇာတ်ပွဲ၊ ဂီတပွဲ၊ အငြိမ့်ကို မတ်လ ၁၀ ရက်နေ့ကစပြီး ပိတ်ပင်သွားမည်ဖြစ်ပြီး ရဟန်းခံ၊ မင်္ဂလာပွဲ၊ ကင်းပွန်းတပ်၊ ရိုးရာနတ်ပွဲ၊ ဂုဏ်ပြုပွဲများကိုလည်း နံနက် ၆ နာရီမှ ည ၈ နာရီအထိသာ ခွင့်ပြုသွားမည်ဖြစ်သလို ဆောင်းဘောက်စ်၊ အသံချဲ့စက်များကိုလည်း ည ၈ နာရီနောက်ပိုင်း မဖွင့်ဖို့ရန်လည်း NMSP (AD) က မတ်လ ၁၀ ရက်နေ့ရက်စွဲဖြင့် အမိန့်ကြေညာစာ ထုတ်ပြန်ထားပါသည်။

ရန်သူ့ရန်ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ပွဲလမ်းသဘင်များ မကျင်းပရန် တားမြစ်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု NMSP-AD သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ နိုင်ကောင်းစကားက ပြောဆိုသည်။

“အဓိက ကတော့ ရန်သူ့ရန်ကို ကြိုတင်ကာကွယ်သွားဖို့ ပွဲလမ်းသဘင်တွေကို ပိတ်ပင်လိုက်တာပါ။ ဘာလို့လဲ ဆိုတော့ ဒီကြာအင်းဆိပ်ကြီးဒေသမှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတာရှိတယ်။ ပွဲလမ်းသဘင်မှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေ ရှိမလားဆိုပြီး တိုက်ခိုက်လာနိုင်တယ်။ အဲလိုတိုက်ခိုက်မှုမျိုး တခြားဒေသမှာဖြစ်ပွားသွား ခဲ့တဲ့ သာဓကတွေလည်း ရှိခဲ့တယ်။ အဲဒီလိုမဖြစ်ပွားအောင် လူစုလူဝေး မရှိစေဖို့အတွက် ပွဲလမ်းသဘင် ကျင်းပတာတွေကို ကျနော်တို့ ပိတ်ပင်လိုက်တာပါ” ဟု ၎င်းက ဆိုသည်။

NMSP(AD) က ယခုလို တားမြစ်လိုက်ခြင်းသည် ပြည်သူတို့၏ အခွင့်အရေးကို ပိတ်ပင်လိုက်ခြင်း မဟုတ်ဘဲ ပြည်သူကို ကြိုတင်ကာကွယ်လိုခြင်းသာ ဖြစ်သည့်အတွက် နားလည်စေလိုကြောင်း ပြောဆိုသည်။

နိုင်ကောင်းစကားက “အခုအခြေအနေကလည်း အရင်အခြေအနေနဲ့ မတူတော့ဘူးလေ။ ကျနော်တို့ကလည်း စစ်ကြေညာထားပြီးပြီဆိုတော့ အရာအရာတိုင်းက အချိန်မရွေး ဖြစ်လာနိုင်တယ်။ အန္တရာယ်တွေလည်း အချိန်မရွေး ကျရောက်လာနိုင်တယ်။ ဒါကြောင့် ကာကွယ်ရေးပိုင်းနဲ့ ပတ်သက်ပြီး ကျနော်တို့ကတော့ တတ်နိုင်သလောက် ကြိုတင်ကာကွယ်သွားမှာပဲ” ဟု ဆက်ပြောသည်။

NMSP(AD) ၏ အမိန့်ထုတ်ပြန်ကြေညာချက်ကို ထောက်ခံကြိုဆိုကြသူများရှိသလို မကျေနပ်သူများလည်းရှိကြောင်း သိရသည်။

ကြာအင်းဆိပ်ကြီးဒေသခံတစ်ဦးက “ဒီကြားထဲမှာလည်း ပွဲလမ်းသဘင်တွေက ဆက်တိုက်လုပ်နေကြတာလေ။ အခုလို ထုတ်ပြန်တာက သူတို့ (လူငယ်တွေ) ရဲ့ ပျော်ရွင်မှုအခွင့်အရေးကို ပိတ်ပင်လိုက်တယ်လို့ မြင်နေကြတာ ရှိတာပေါ့။ ဒါပေမဲ့ အနည်းစုပါပဲ။ ဒေသတွင်း သွားလာရေးကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ နည်းနည်းတော့ ချင့်ချိန် သတိထားပြီး သွားလာနေကြတာပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး ၎င်းက “အခုလိုမျိုး ပွဲလမ်းသဘင်ကျင်းပခွင့် ပိတ်လိုက်တာက ကျနော်အနေနဲ့ ကောင်းတဲ့ အချက်လို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ညပိုင်းဆို ဆောင်းဘောက်စ်သံတွေ၊ အသံချဲ့စက်တွေ ဆူညံနေတာကြောင့် တခုခုဖြစ်ပြီးဆိုရင်လည်း ဘာကိုမှကြားမှာ မဟုတ်ဘူး” ဟု ဆိုသည်။

မွန်ပြည်သစ်ပါတီမှ ခွဲထွက်ထားသည့် NMSP (AD) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်သွားမည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာထားသည်။

ထိုသို့ကြေညာပြီးနောက် NMSP(AD) တပ်ဖွဲ့ဝင် မွန်ပြည်နယ်အတွင်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းက မွန်လူမျိုးများနေထိုင်ရာ ကျေးရွာတို့တွင် လှုပ်ရှားလာခဲ့သည်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) သွားလာလှုပ်ရှားနေသည့် ဒေသတို့တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟုလည်း သုံးသပ်မှုများလည်း ရှိနေသည်။

စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်သွားမည်ဟု ကြေညာခဲ့ပြီးနောက် လူငယ်နှင့် မွန်လူမျိုးများသည် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP(AD) ထံ လာရောက်ပူးပေါင်းခဲ့မှုလည်း ရှိနေသည်ဟု NMSP(AD) ထံမှ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here