28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းကျောက်ဖြူမြို့ခံအများအပြား တိုက်ပွဲကြောင့် ပြည်မဘက်သို့ တိမ်းရှောင်နေ

ကျောက်ဖြူမြို့ခံအများအပြား တိုက်ပွဲကြောင့် ပြည်မဘက်သို့ တိမ်းရှောင်နေ

ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲများ နေ့စဉ်နှင့်အမျှ ပြင်းထန် လာနေသဖြင့် မြို့ခံများမှာ ယခုရက်ပိုင်းအတွင်း လေကြောင်းမှတဆင့် ပြည်မဘက်သို့ ထွက်ပြေးတိမ်းရှောင်မှု များပြားနေကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားသည်နှင့်တပြိုင်နက် စစ်ကောင်စီက ကျောက်ဖြူမြို့ အဝင်အထွက်ဂိတ်များကို ကန့်သတ်ပိတ်ဆို့ ကာ လုံခြုံရေးတိုးမြှင့်ထားသဖြင့် မြို့ခံများမှ လေကြောင်းမှတဆင့် စစ်ဘေးတိမ်းရှောင်ကြခြင်းဖြစ်ကာ အများစုမှာ ရန်ကုန်သို့ တိမ်းရှောင်ကြကြောင်း သိရသည်။

“တိုက်ပွဲတွေက တနေ့ထက်တနေ့ ပြင်းထန်လာတော့ ရှေ့ဆက်ဘာဖြစ်လာမလဲ ကြိုမသိဘူး။ ကျနော်တို့မှာ မိသားစုလိုက် ထွက်လာကြတာ။ ဒီရက်ပိုင်း ထွက်သူတွေအရမ်းများတယ်။ တချို့ဆိုရင် အရင်ထွက်နိုင်ဖို့ လေယာဉ်လက်မှတ်အတွက် ငွေပိုပေးကြတာတွေရှိတယ်” ဟု ကျောက်ဖြူမြို့မှ ရန်ကုန်သို့ တိမ်းရှောင်လာသူတစ်ဦးက ပြောသည်။

ကျောက်ဖြူ – ရန်ကုန်လေကြောင်းလိုင်း လေယာဉ်လက်မှတ်အရောင်းဌာနများကို မြို့နယ်ထွေအုပ်က ချုပ်ကိုင်ထားပြီး ပြည်မထွက်သူများကိုလည်း ခိုင်လုံသည့်အထောက်အထားများဖြင့် သွားလာခွင့်ပေးကြောင်း သိရသည်။

လက်ရှိ၌ ကျောက်ဖြူမှ ရန်ကုန်သို့ ထွက်ခွာမှုမြင့်တက်နေခြင်းနှင့်အတူ လေယာဉ်လက်မှတ်ဈေးနှုန်းများလည်း မြင့်တက်နေပြီး လေယာဉ်လက်မှတ်တစ်စောင်ကို ငွေကျပ် ၅ သိန်းကျော်ကနေ ၁၀ သိန်းဝန်းကျင်ရှိနေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ကျောက်ဖြူဒေသခံတစ်ဦးက “ရန်ကုန်ကိုထွက်မယ့် လေယာဉ်လက်မှတ်က ဟိုနေ့က အသိတစ်ယောက်ဆိုရင် ခုနှစ်သိန်း ပေးခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ အမြန်ထွက်မယ့်သူတွေက ငွေပိုပေးပြီး သွားကြတယ်။ အခု အမြန်ဈေးဆို ဆယ်သိန်းနားအထိရှိတယ်” ဟု ပြောသည်။

ကျောက်ဖြူမြို့မှထွက်ခွာသူများမှာ စစ်ကောင်စီဝန်ထမ်းများအပါအဝင် ငွေကြေးတတ်နိုင်သူများဖြစ်ကြပြီး ငွေကြေးမတတ်နိုင်သူများမှာ လေကြောင်းမှထွက်ခွာ၍ မရသည့်အပြင် အခြားလမ်းကြောင်းများမှလည်း တိမ်းရှောင်ခွင့်မရသဖြင့် အခက်အခဲများ ဖြစ်နေကြကြောင်း သိရသည်။

“လေယာဉ်လက်မှတ်က ငွေရှိရုံနဲ့တင် မရသေးဘူး။ ထွက်ခွာခွင့်ကျမှ ထွက်လို့ရတာ။ လက်မှတ်တွေ ဈေးကြီးနေချိန် မိသားစုလိုက်ထွက်ဖို့က မလွယ်ဘူး။ အဲဒါကြောင့် အခြေအနေ ကြည့်နေရတယ်” ဟု နောက်ထပ် ကျောက်ဖြူမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီရေတပ်ဌာနချုပ်ကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ထိုတိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ကျေးရွာ ၂၀ ကျော်က ဒေသခံထောင်နှင့်ချီမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

အောင်ထိန် (DMG) ပေးပို့သည်။