ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်လို့ ကုန်းမြင့်ရာသို့ ပြောင်းရွေ့နေကြရ

0
310
ပုံစာ - ရခိုင်၊ ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် ယခုရက်များအတွင်း နေ့စဉ်မိုးသည်းထန်စွာ ရွာသွန်းနေလို့ ရေကြီးနေပြီး လူနေဆောင်များ ရေနစ်မြုပ်သဖြင့် ဘေးလွတ်ရာ ကုန်းမြင့်နေရာသို့ ပြောင်းရွေ့ နေကြရသည်ဟု ထိုစခန်းရှိ စစ်ဘေးရှောင်များက ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ ဦးမောင်ကျော်သောင်းက “ရေကြီးနေတယ်။ လူနေဆောင်တွေရဲ ကြမ်းခင်း ထားတာတွေလည်း နစ်နေပါပြီ။ မိုးကအရမ်း ရွာနေတော့ တချို့နေရာတွေမှာ ရေပြည့်နေတာ အရပ်မမီ တော့ဘူး” ဟု ပြောသည်။

ဘဂ်လားပင်လယ်အတွင်း မုန်တိုင်းငယ်အရှိန်ကြောင့် သြဂုတ် ၁ ရက်မှ သြဂုတ် ၅ ရက်နေ့ အထိ အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းနေလို့ အဆိုပါစစ်ဘေးရှောင်စခန်းတွင် သရီချောင်းရေ၊ ဇီးချောင်းဆည်မှ ရေများနှင့် လယ်ကွင်းပြင်မှ ရေများ ဝင်ရောက်လာနေပြီး ယင်းစစ်ဘေးရှောင်စခန်းအတွင်း ရေ ၃ ပေ ကျော်ခန့် အထိ မြင့်တက်နေသည်ဟု စစ်ဘေးရှောင်များက ပြောဆိုသည်။

လက်ရှိတွင် စခန်းတခုလုံးရှိ လူနေဆောင်များမှာ ရေနစ်မြုပ်နေပြီး စစ်ဘေးရှောင်များမှာ ကုန်းမြင့်ရာနေရာများနှင့် ရထားလမ်း စသည့် နေရာများသို့ ပြောင်းရွေ့ကာ တာပေါ်လင်စများဖြင့် ယာယီတဲများ ဆောက်လုပ် နေထိုင်ကြရသည်ဟု စစ်ဘေးရှောင်များထံက သိရသည်။

ပုံစာ – ရခိုင်၊ ကျောက်တော် ညောင်ချောင်းစစ်ဘေးရှောင်စခန်း ရေနစ်မြုပ်။

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ရေက အဆောင်ကြမ်းခင်းနဲ့ ထိနေတယ်။ လေတိုက်ပြီး လှိုင်းထရင် လူနေဆောင်ကြမ်းခင်းကို တဖျန်းဖျန်း ရိုက်တယ်။ နေလို့ အဆင်မပြေတော့ဘူး။ ကုန်းမြင့်တဲ့ နေရာတွေကို အထုပ်အပိုးတွေ ထုပ်ပိုးပြီး ရွေ့ပြောင်းနေရတယ်။ မိုးရွာတော့ နေထိုင်ရေး အဆင်မပြေလို့ တာပေါ်လင်စတွေနဲ့ ဖြစ်သလို တဲဆောက်ပြီး နေနေရတယ်ဟု” ပြောသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု ၆၀၀ ကျော် ရှိပြီး လူဦးရေ ၅၀၀၀ ကျော် နေထိုင်ကြောင်း ထိုစခန်းတာဝန်ရှိသူများ ပြောဆိုထားချက်များအရ သိရှိရသည်။

ညောင်ချောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များမှာ လက်ရှိတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးနေ၍ နေထိုင်ရေး အခက်အခဲနှင့် စားနပ်ရိက္ခာများ အခက်အခဲဖြစ်လျက်ရှိပြီး အမိုးအကာအဖြစ် တာပေါ်လင်စများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ယင်းအပြင် ကျောက်တော်မြို့နယ်မှ မြို့မရွှေကျောင်း၊ ကဝိရတနာ စစ်ဘေးရှောင်စခန်း၊ နေပူခံစစ်ဘေးရှောင် စခန်း၊ မြို့သစ်မှန်ကျောင်း၊ သိမ်ပြင်ကျောင်း၊ သရက်အုပ်စစ်ဘေးရှောင်စခန်း တို့တွင်လည်း မိုးကြီး၍ ရေကြီးနေသည်ဟု အဆိုပါ စခန်းများရှိ စစ်ဘေးရှောင်များထံက သိရသည်။ (NN-12)

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here