မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးတောင်ခြေတွင် ဖမ်းဆီးခဲ့သည့် ပဲခူးတိုင်းမှ ပျူစောထီးတပ်ဖွဲ့ဝင် ၅ ဦးကို တော်လှန်ရေးအင်အားစုတို့က ယနေ့ချိန်အထိ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ကြောင်းနှင့် ၎င်းတို့ကျူးလွန်ထားသည့်အပြစ်တို့ကို ဝန်ခံထွက်ဆိုစေမည်ဖြစ်သည်ဟု တော်လှန်ရေးအင်အားစုတို့က ပြောသည်။
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်ကနေ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးလာသည့် ပျူစောထီးတပ်ဖွဲ့ဝင်အပါအဝင် စုစုပေါင်းလူ ၄၈ ဦးကို ကျိုက်ထိုမြို့နယ်၊ ကဒက်ချောင်းရေတံခွန်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင် တော်လှန်ရေးအင်အားစုတို့က ပြီးခဲ့သည့် ဧပြီ ၁၅ ရက်နေ့က ဖမ်းဆီးခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင်နှင့်တပ်ဖွဲ့ဝင် ၅ ဦးတို့ကိုသာ ထိန်းသိမ်းထားပြီး ကျန်သူတို့ကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
လက်ရှိထိန်းသိမ်းထားသည့် ပျူစောထီးခေါင်းဆောင်အပါ တပ်ဖွဲ့ဝင် ၅ ဦးတို့ကို ပြည်သူအပေါ် ၎င်းတို့ ကျူးလွန်ထားသည် ပြစ်မှုတို့ကို ဝန်ခံထွက်ဆိုစေပြီး ထုတ်ပြန်ချက်နှင့်တကွ ပြည်သူလူထုထံ ပွင့်လင်းမြင်သာစွာချပြရန် စီစဉ်ထားကြောင်း သထုံခရိုင် တော်လှန်ရေးအင်အားစုမှတာဝန်ရှိတစ်ဦးက ပြောဆိုသည်။
“ပျူတွေရဲ့ မိန်းမနဲ့ကလေးတွေကို ကောင်းကောင်းကျွေးမွေးပြီး ပြန်လွှတ်လိုက်တယ်။ ပျူတွေကိုတော့ လွှတ်ပေးလို့ကို မရတာပါ။ အရေးယူ အပြစ်ပေးမှာပါ။ ကြီးမားတဲ့ပြစ်မှုတွေ ကျူးလွန်ထားတဲ့အတွက် ထိရောက်တဲ့ ပြစ်ဒဏ်ရရှိရေး အရေးယူဆောင်ရွက်မှုတွေ လုပ်ရပါမယ်” ဟု အဆိုပါတာဝန်ရှိသူက ပြောသည်။
ပျူစောထီးတပ်ဖွဲ့ဝင်များသည် စစ်ကောင်စီတို့နှင့်ပူပေါင်းပြီး ပြည်သူများကို သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း၊ ပြည်သူနေအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ လူငယ်များကိုဖမ်းဆီးကာ စစ်ကောင်စီတပ်ထဲသို့ ပို့ဆောင်ခြင်းတို့ကို လုပ်ဆောင်ထားသည်ဟု ၎င်းကဆိုသည်။
သို့ရာတွင် ပစ်မှုကျူးလွန်ထားသည့် ပျူစောထီးခေါင်းဆောင်နှင့် တပ်ဖွဲ့ဝင်ဆိုသူတို့ကို မည်သို့အရေးယူပြီး ပြစ်ဒဏ်စီမံသွားမည်ကို အသေးစိတ်ပြောဆိုခြင်း မရှိပေ။
ထိုအပြင် စစ်ကောင်စီထိန်းချုပ်သည့် မီဒီယာများကနေ ပြောဆိုသည့် သတင်းမှားများနှင့် လုပ်ဆောင်ချက်များသည် တော်လှန်းရေးအင်အားစုများနှင့် ပြည်သူများအကြား အထင်အမြင်လွဲမှားစေနိုင်သဖြင့် ပြည်သူများ သတိပြုရန်လိုသည်ဟု အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
“သူတို့ကအရာရာ သူတို့လုပ်ရပ်နဲ့နှိုင်းပြီး ပြောတာလေ၊ ဘုရားဖူးပြည်သူတွေကို ဖမ်းတယ်ဆိုပြီး သတင်းတွေလွှင့်တာဟာ ကျနော်တို့နဲ့ပြည်သူတွေကြား အထင်အမြင်လွဲမှားအောင်လုပ်တာပါပဲ အဲဒီအလုပ်မျိုးက သူတို့ပဲလုပ်တာ ကျနော်တို့က မသေချာပဲ ဘာမှမလုပ်ဘူး။ ပြည်သူနစ်နာမယ့်အလုပ်မျိုးလဲ ဘယ်သောအခါမှ လုပ်မှာမဟုတ်ဘူး” ဟု ၎င်းက ဆက်ပြောသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလအတွင်းက ကျိုက်ထီးရိုးတောင်ခြေတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း တောင်ခြေမှတစ်မိုင်ခန့်အကွာရှိ ကင်မွန်းချောင်း ရဲစခန်းအနီးအနားတွင်လည်း ပစ်ခတ်မှုများ မကြာခဏ ဆက်လက်ဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။
ထို့အပြင် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က လက်နက်ပေးအပ်ထားသော ပျူစောထီးများ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် စစ်ကောင်စီသတင်းပေးများကိုလည်း တော်လှန်ရေးအဖွဲ့များနှင့် အမည်မသိ လက်နက်ကိုင်များက သတိပေးခြိမ်းခြောက်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
IMNA ပေးပို့သည်။