မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းက နေအိမ်များကိုဖောက်ထွင်းပြီး တန်းဖိုးကြီးပစ္စည်းများ ခိုးယူသွားခဲ့ကြောင်း ဒေသခံတို့ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်အောက်က အင်အား ၂၀၀ ကျော်ရှိ စစ်ကြောင်းနှစ်ကြောင်းနှင့် အမှတ် ၄၄ ခြေမြန်တပ်မဌာနချူပ် လက်အောက်ခံရှိ ခမရ-၂၀၇ မှ အင်အား ၁၅၀ ကျော်ရှိ စစ်ကြောင်းနှစ်ကြောင်း စုစုပေါင်း စစ်ကြောင်းလေးကြောင်းတို့က မေ ၁၄ ရက်နေ့ကစပြီး ကျိုက်ထိုမြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းများသည် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုဘက်သို့ မေလ ၁၈ ရက်နှင့် ၁၉ ရက်နေ့ ဝင်ရောက် လာပြီးနောက် နေအိမ်များကိုဖောက်ထွင်းကာ တန်းဖိုးကြီးပစ္စည်းများခိုးယူပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက “၁၉ ရက်နေ့ညမှာပဲ ပြန်ဆုတ်ခွာသွားကြတယ်။ ဆုတ်ခွာပြီးတော့ ကျနော်တို့ ဝင်ရောက်စစ်ဆေးတဲ့အချိန်မှာ ဝင်းကံရွာမှာ အိမ်ခြေ ၂၀၀ လောက်ရှိတာကို အိမ်ကြီး၊ အိမ်ကောင်းအများစုကို ဖောက်သွင်းထားတာ တွေ့ရတယ်။ ရောင်းစားလို့ရတဲ့ပစ္စည်းတွေဆို အကုန်ယူသွားတာတွေ့ရတယ်။ ဝင်းကံဘုန်းကြီးကျောင်းက မီးခံသေတ္တာကိုလည်း သူတို့ရိုက်ဖျက်ပြီးတော့ ကျောင်းပြုပြင်ဖို့အတွက် ထားထားတဲ့ သိန်း ၁၀၀ ကိုလည်း ခိုးယူသွားတာရှိတယ်” ဟု ပြောသည်။
ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီက မေလ ၁၄ ရက်နေ့ကစပြီး လက်နက်ကြီးဖြင့် ပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU သထုံခရိုင်ကလည်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျိုက်ထိုမြို့နယ်၊ ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံ၊ ဘောကထ၊ ကျောက်ရေတွင်း၊ ကလောမြောင်၊ ရှမ်းစုနှင့် အညာစုကျေးရွာတို့မှ အိမ်ခြေ ၆၅၀ ကျော်မှ လူဦးရေ ၂၇၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရချိန် စစ်ကောင်စီစစ်ကြောင်းများ ကျေးရွာထဲဝင်လာပြီး နေအိမ်များဖောက်ထွင်းပြီး ပစ္စည်းများခိုးယူသည့်အပြင် နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားသည်လည်း ရှိနေသည်။
ကျိုက်ထိုမြို့နယ်အတွင်း အင်အားအလုံးအရင်းဖြင့် စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာနေသည့်အတွက် ဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာမည်ကို ဒေသခံများကြား စိုးရိမ်မှုများလည်း ရှိနေသည်။
IMNA ပေးပို့သည်။