စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်တွင် စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ၁၀နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ဩဂုတ် ၃ ရက်နေ့ မနက် ၉နာရီ ဝန်းကျင်၌ ကလုံရွာမှ စစ်ကောင်စီတပ်များက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ် အုပ်စုဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် အင်းရွာအုပ်စု ဦးစောကျွန်းရွာက ကလေးငယ်သေဆုံးခဲ့ရတယ်လို့ ကသာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ကလုံနဲ့ မျက်နှာချင်းဆိုင်ရွာ ဦးစောကျွန်းရွာကို လက်နက်ကြီးနဲ့လှမ်းပစ်တာဗျ၊ အဲ့မှာပဲ ကလေးငယ်ကို လက်နက်ကြီး ထိမှန်တယ်။ ဆေးရုံရောက်လိုက်သေးတယ် ဆေးရုံမှာတင် သေဆုံးခဲ့တာပေါ့။ ည ၁၀ နာရီ လောက်မှာ သေဆုံးသွားပြီလို့ သိရတာပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ ကလေးငယ်သည် ဦးစောကျွန်းရွာခံ ဦးဖိုးဆိုင်းနဲ့ဒေါ်ဆယ်တို့၏ သမီးဖြစ်ပြီး အင်းရွာဆေးရုံ အရောက်မှာပင် လက်နက်ကြီးထိမှန် ဗိုက်ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ထံက သိရသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့များသည် မန္တလေးမှ ကချင်ပြည်နယ်ဘက်ကို ဧရာဝတီ မြစ်ကြောင်းအတိုင်း ဦးတည်တက်လာနေသည့် စစ်သင်္ဘောများကို လုံခြုံရေးယူပေးနေသည့် ခမရ ၃၆၇နဲ့ ၃၁၇ တပ်ဖွဲ့များဖြစ်ပြီး အင်အား ၁၀၀ ကျော် ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည့် စစ်သင်္ဘော ၉ စီးသည် လက်ရှိအချိန်၌ ကသာ၊ သဖန်းကိုင်း ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတယ်လို့ ကသာမြို့နယ် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အခုလို ပြောပါသည်။
“ရေကြောင်းက သဖန်းကိုင်း ဆိပ်ကမ်းမှာ ရပ်နေတယ်။ အခု ကား ၁၀ စီး နဲ့ ရိက္ခာတွေ တင်နေတယ်။ ဘယ်ကို သွားမယ်ဆိုတာတော့ မသိရဘူး။ သူတို့က မြို့ကြီးတွေရဲ့ဆိပ်ကမ်းတိုင်း သူတို့ရဲ့တပ်ရင်းတွေ ရှိတဲ့အတွက် အဲ့တပ်ရင်းတွေကို ရိက္ခာ၊ ပြတ်လပ်တဲ့ပစ္စည်း တွေကို ချပေးနေတာ” လို့ ၎င်းက ပြောသည်။
လက်ရှိအချိန်၌ ကသာမြို့နယ်တွင် ရေကြောင်းရော ကုန်းကြောင်းမှာပါ စစ်ကောင်စီ၏ စစ်ကြောင်းများ ရှိနေသည့်အတွက် ဧရာဝတီမြစ်ရိုးတလျှောက်ရှိ ကျေးရွာများအားလုံးမှ ဒေသခံများသည် ဘေးလွတ်ရာ တောတောင်ထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရသည်။
KNG ပေးပို့သည်။