ကရင်နီ (ကယား) ပြည်နှင့် ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့နယ်အတွင်းရှိ နောင်ခိုက်စစ်ဘေးရှောင်စခန်းတွင် ဆန်ရိက္ခာအတွက် စပါးစိုက်ပျိုးကြသော်လည်း စပါးအထွက်နှုန်းကျဆင်းတာကြောင့် ဖူလုံမှုမရှိဘဲ ဆန်ချေးငှားစားနေကြရသည်ဟု အဆိုပါစစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်များက ပြောဆိုသည်။
နောင်ခိုက်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူများသည် နေ့စဥ် စားဝတ်နေရေးဖြေရှင်းရာတွင် နီးစပ်ရာအသိမိတ်ဆွေများထံမှ ဆန်ချေးငှားစားသုံးမှုနေကြရဆဲဖြစ်ကြောင်း နောင်ခိုက် စစ်ဘေးရှောင်နေ ပြည်သူတချို့က ပြောသည်။
စစ်ဘေးရှောင်စခန်းနေ အမျိုးသားတစ်ဦးက “တော်တော်များများတော့ စိုက်ကြတယ်။ စိုက်တဲ့လူပဲ ချေးစားကြတာ။ ဆွေမျိုးနဲ့လိုက်လုပ်ပြီး ကပ်စားတာမျိုးတော့ရှိတယ်။ သူ့အမျိုးဆီမှာ စပါးချေးတာတို့ ရိတ်သိမ်းပြီးမှ ပြန်ဆပ်မယ်ဆိုတာမျိုးတွေပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၇ ရက်နေ့က စတင်၍ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ကောင်စီတပ်နှင့် လက်အောက်ခံ PNO တို့နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲပြင်းထန်နေပြီး မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ ခမရ ၄၂၂ တပ်ရင်းကနေ လက်နက်ကြီးပစ်ခတ်ရာတွင် ဒေသခံတို့၏စပါးခင်းထဲ ကျရောက်ပေါက်ကွဲလျက် ရှိနေသည်။
ထိုအခြေအနေကြောင့် ဒေသခံစစ်ရှောင်များသည် ယခုနှစ်နွေစပါးမရိတ်သိမ်းနိုင်ခြင်းမရှိဘဲ စားသောက်ရေးအတွက် ဆန်ချေးငှားကာ စားသောက်ရေးဖြေရှင်းနေရပြီး အကြပ်အတည်းဖြစ်ရကြောင်း ပြောဆိုကြသည်။
အလားတူ ဒီးမော့ဆိုအနောက်ဖက်ခြမ်းရှိ ရွှင်လန်းစစ်ရှောင်စခန်းမှ စစ်ဘေးရှောင်များသည်လည်း နေရပ်ပြန် စိုက်ပျိုးရေးလုပ်ကိုင်လို့မရတာကြောင့် ဆန်ရိက္ခာအတွက် အလှူရှင်ကို မှီခိုနေရသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
တဖက်တွင်လည်း စစ်ရှောင်ကာလ လေးနှစ်ကျော်ကြာလာချိန် အလှူရှင်လည်း နည်းပါးလာတာကြောင့် ကြုံရာအလုပ်ကိုလုပ်ကိုင်ရင်း ဆန်ဝယ်စားကာ စားသောက်ရေးကို ဖြေရှင်းကြရသည်ဟု ရွှင်လန်း စစ်ရှောင် စခန်းတွင် နေထိုင်သူစစ်ရှောင်အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။
“အမြဲတမ်း အကြွေးရှိတယ်ဆိုတဲ့စိတ်နဲ့ပေါ့နော်။ ပိုက်ဆံရလာရင်လည်း အကြွေးဆပ်ဖို့က အဓိကပဲ ဖြစ်နေတယ် ပေါ့နော်။ အဓိက ဆန်ဆိုတော့လေ အဲ့အတွက် အရင်အကြွေးဆပ်တယ်။ အခြားဟာလည်း လုံလုံလောက်လောက် မဝယ်သုံးနိုင်ဘူးပေါ့နော” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က လတ်တလောတွင် ကရင်နီပြည်မြို့နယ်အသီးသီးရှိ လူဦးရေ ၅၀,၀၀၀ ကို အခြေခံစားနပ်ရိက္ခာတွေ ပေးဝေခဲ့သော်လည်း စားနပ်ရိက္ခာဖူလုံသည်အထိ တစ်ပြည်နယ် လုံးကို လွမ်းခြုံပြီးပေးဝေနိုင်မှုမရှိသေးကြောင်း IEC လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနက ပြောသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည် ထူထောင်ရေးဌာန ဌာနမှူးကြီးခွံမာတီးယာက “ရိက္ခာအခြေအနေပေါ်မှုတည်ပြီး အနိမ့်ဆုံး လူတစ်ဦးအနည်းဆုံး ဆန် ၄ ပြည်ပေးပါတယ်။ အများဆုံးကတော့ ၆ ပြည်နဲ့ ဆီ၊ ဆား ရှိသလို ပံ့ပိုးပါတယ်။ နိုင်ငံတကာစံနှုန်းဆိုရင်တော့ ၈ ပြည် ပေးပါတယ်။ ဒီမှာက ပိုမိုလွမ်းခြုံမှုကိုစဉ်းစားနေရတာကြောင့် နိုင်ငံတကာစံနှုန်းအထိသွားဖို့က နိုင်ငံတကာအကူအညီပိုမိုရမှ ပြည့်မှာဖြစ်ပါတယ်” ဟု ပြောသည်။
ကရင်နီပြည်နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် လူထုပေါင်း ၃၅၀,၀၀၀ ခန့် ရှိသည်ဟု IEC က ပြောဆိုထားသည်။
ကန္တာရ၀တီတိုင်း (မ်) – ပေးပို့သည်။