ကန်ပိုင်တည်နယ်စပ်ဂိတ်တွင် တစ်သျှူးငှက်ပျောကားများ သွားလာခွင့်ရသော်လည်း တရုတ်ဘက်ကုန်ကားများ မဝင်လာသေး

0
177
ပုံစာ - တရုတ်၊ မြန်မာနယ်စပ် ကန်ပိုင်တည်မြို့နယ်စပ်ဂိတ်၌ တရုတ်တစ်သျှူးငှက်ပျောကားများ ဖြတ်သန်းနေသည့် မြင်ကွင်း။

မြန်မာ- တရုတ်နယ်စပ် ကချင်ပြည်နယ်၊ ကန်ပိုင်တည်မြို့ ကုန်သွယ်ရေးဂိတ်တွင် တစ်သျှူးငှက်ပျောကားများ သွားလာခွင့် ရရှိနေပြီဖြစ်ပေမယ့် တရုတ်နိုင်ငံဘက်ကကုန်ကားများ မြန်မာပြည်ဘက် ဝင်ရောက်လာခြင်းမရှိသေးကြောင်း ဒေသခံတို့ထံက သိရသည်။

ကန်ပိုင်တည် မြို့သိမ်းတိုက်ပွဲကြောင့် ပိတ်ထားသည့် တရုတ်နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ KIA ဘက်က ပြန်ဖွင့်လိုက်ပြီး တစ်သျှူးငှက်ပျောကားများကို သွားလာခွင့်ပြုနေပြီဖြစ်သည်ဟု ကန်ပိုင်တည်ဒေသခံတစ်ဦးက ပြောသည်။

ကန်ပိုင်တည်ဒေသခံ “KIA တွေက တစ်သျှူးငှက်ပျောတင်တဲ့ကားတွေကို ပြန်သွားခိုင်းနေပြီ။ တရုတ်ဘက်က ကုန်ကားတွေ ပြန်ဝင်ဖို့ စောင့်နေတဲ့အခြေအနေမှာ ဟုတ်တယ်။ တကယ့်လို့ KIA ဘက်က တစ်သျှူးကားတွေ သွားခွင့်ပေးနေပေမယ့် တရုတ်ဘက်ကကုန်ကားတွေ မဝင်လာရင်တော့ KIA ဘက်ကလည်း ပြန်ပိတ်လိုက်မလား တော့မသိဘူး” ဟု ပြောသည်။

ကန်ပိုင်တည်မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်ခင် ပြီးခဲ့သည့်ဇူလိုင်လစပြီး ကချင်အထူးဒေသ (၁) နယ်မြေအတွင်းရှိ ကံပိုင်တည်မြို့နှင့် အနီးဆုံးရှိသည့် ဆဒုံးမြို့ကို KIA သိမ်းပိုက်လိုက်သည့်အတွက် ထိူနယ်စပ်ဂိတ်ကို ဩဂုတ်လ ကနေ အောက်တိုဘာလ ၂၂ ရက်နေ့ထိ စစ်ရေးအခြေနေကြောင့် တစ်လကျော် ပိတ်ထားခဲ့သည်။

သို့ရာတွင် စစ်ကောင်စီတပ် ထိန်းချုပ်မှုရှိနေသေးသည့် ကံပိုင်တည်နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် အကန့်အသတ်နှင့် ပြန်ဖွင့်ပေးခဲ့ကြောင်း သိရသည်။

သို့သော် နိုဝင်ဘာလ ၂၀ ရက်နေ့ ကန်ပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်တာကြောင့် နယ်စပ်ဂိတ်ကို တရုတ်ဘက်က ပြန်ပိတ်လိုက်ခြင်း ဖြစ်သည်။

ကန်ပိုင်တည်မြို့ကို KIA သိမ်းပိုက်ပြီး တပတ်အကြာ နိုဝင်ဘာလ ၂၅ ရက်နေ့မှစတင်ကာ တရုတ်ဘက်ခြမ်းထွက်မည့် တစ်သျှူးငှက်ပျောကားများကို KIA က ထွက်ခွင့်ပေးလိုက်ပြီး ဂိတ်ပြန်ဖွင့်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံတို့ပြောဆိုချက်အရ လတ်တလောတွင် တစ်သျှူးငှက်ပျောကားများ ဝင်/ထွက်သွားလာခွင့်ရနေပေမယ့် တရုတ်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဝင်ရောက်မည့် ကုန်ကား၊ စက်သုံးဆီကားများက ဝင်ခွင့်မရသေးဘူးဟုလည်း ၎င်းတို့က ပြောဆိုသည်။

ကန်ပိုင်တည်ဒေသခံတချို့ ပြောဆိုချက်အရ KIO အစိုးရ အုပ်ချုပ်ယန္တရား စတင်လည်ပတ်သည်နှင့် တရုတ်ဘက်က ကုန်ကားများ ဝင်ရောက်လာတော့မည်ဟု သိရသည်။

“တရားဝင်ပြောဆိုတာမျိုးတော့ မဟုတ်ဘူး။ အပြင်မှာ အချင်းချင်းပြောဆိုနေကြတာက ဒီရက်ပိုင်း KIO ရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေ ဝင်ရောက်နေပြီ။ အဲဒါပြီးတာနဲ့ ကုန်တင်ကားတွေလည်း အရင်ကလို ပြန်ပြီးလည်ပတ်တော့မယ်လို့ ကြားသိထားတယ်။ အခုတောင်မှ ကုန်ကားတချို့ နည်းနည်းပါးပါးသွားလာနေပြီ” ဟု ကန်ပိုင်တည် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

နိုဝင်ဘာလမကုန်ခင် ရက်ပိုင်းအတွင်းမှာပင် နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းများ ယခင်ကလို ပြန်ပြီးလည်ပတ်နိုင်ရန် အခြေအနေရှိသည်ဟုလည်း ကန်ပိုင်တည်ဒေသခံတို့က သုံးသပ်နေခြင်းလည်းဖြစ်သည်။

KIO အစိုးရက ကန်ပိုင်တည်မြို့တွင် အုပ်ချုပ်ရေးယန္တရား စတင်ဖော်ဆောင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံနွေးခဲ့ကြခြင်းလည်းဖြစ်သည်။

တရုတ်အစိုးရဘက်က ယနေ့အထိ ကချင်ပြည်နယ်ထဲကို စားသောက်ကုန်ပစ္စည်းနှင့် စက်သုံးဆီများတင်သွင်းခွင့် ပိတ်ထားတာကြောင့် မြစ်ကြီးနားမြို့အပါအဝင် တခြားမြို့နယ်အသီးသီးတွင် ကုန်ပစ္စည်းပြတ်လပ်နေသည့်အပြင် ကုန်စျေးနှုန်းမြင့်တက်သည့် အခက်အခဲတို့ကို ဒေသခံပြည်သူများ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here