၅၀၅ (ခ) ပုဒ်မဖြင့် စစ်တွေမြိုခံ လူငယ်အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

By MPM 4 မတ်, 2025 👁 7

ရခိုင်ပြည်၊ စစ်တွေမြိုမှ လူငယ်အမျိုးသမီးတစ်ဦးကို နိုင်ငံတော်ဆူပူအောင်လှုံဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စစ်ကောင်စီက ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ကြောင်း မိသားစုနှင့်နီးစပ်သူများ ပြောဆိုမှုအရ သိရသည်။

ထောင်ဒဏ်ချမှတ်ခံရသူသည် မင်းဂံရပ်ကွက်မှ အသက် ၂၇ နှစ်အရွယ် မစောခင်အေး (ခ) အဘုဖြစ်ပြီး ၎င်းကို စစ်တွေခရိုင်တရားရုံးက ဖေဖော်ဝါရီ နောက်ဆုံးအပတ်တွင် ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

“ပြစ်မှုမြောက်တယ်ဆိုပြီးတော့ ချလိုက်တာလို သိရတယ်။ စစ်တွေအကျဉ်းထောင်ထဲမှာပဲ ရှိပါတယ်” ဟု မိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

မစောခင်အေးသည် ပြည်သူများအား အထိတ်တလန့်ဖြစ်စေသည့် သတင်းမှားများကို မျှဝေဖော်ပြသည်ဟုဆိုကာ စစ်ကောင်စီက တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စစ်ကောင်စီတပ်သားများသည် နေအိမ်မှ လာရောက်ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မစောခင်အေးသည် စစ်တွေမြို၊ လောကာနန္ဒာမုဒ်ဦးမြောက်ဘက်ရှိ “ခိုင်ထူး လေယာဉ်လက်မှတ်အရောင်းဌာန” ဆိုင်ပိုင်ရှင်တစ်ဦးလည်း ဖြစ်သည်။

ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ စစ်ကောင်စီသည် ဒေသခံများကို နည်းမျိုးစုံဖြင့် ဖမ်းဆီးနေကာ သတင်းအချက်အလက် သိရှိပိုင်ခွင့်ကိုပါ ခြိမ်းခြောက်မနေကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

“ဒီကာလမှာ စစ်ကောင်စီက အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးတယ်။ ပြီးရင် သူတိုတပ်ချင်တဲ့ ပုဒ်မနဲ့တပ်ပြီး အမှုဖွင့်အရေးယူပြီး ထောင်ဒဏ်ချမှတ်တာကို တွေ့နေရတယ်။ သူတိုလုပ်ချင်သလို လုပ်နေကြတာ။ ပြည်သူတွေမှာ ဘာမှ ပြောပိုင်ခွင့်မရှိဘူး” ဟု ရခိုင်လူငယ်တစ်ဦးက ပြောသည်။

ကောက်ယူထားသည့် စာရင်းများအရ ၂၀၂၄ ခုနှစ်အတွင်း Facebook လူမှုကွန်ရက် စာမျက်နှာတွင် post တင်ခြင်း၊ မျှဝေခြင်း၊ မှတ်ချက်ပေးရေးသားခြင်း၊ ဓာတ်ပုံ၊ ဗွီဒီယိုများတင်ခြင်းတို့ အပါအဝင် သတင်းအချက်အလက်မျှဝေသူ စစ်တွေနှင့် ကျောက်ဖြူဒေသခံ ၁၆ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ထိုသို ဖမ်းဆီးအမှုဖွင့်ခံရသူများမှာ ထောင်ဒဏ်ချမှတ်ခံရသူများရှိပြီး တချိုမှာ ပြန်လည်လွတ်လာသူများရှိသည့်အပြင် ယနေ့အချိန်ထိ အမှုရင်ဆိုင်နေရသူများလည်းရှိနေကြောင်း သိရသည်။

အောင်ထိန် (DMG) ပေးပို့သည်။