ကရင်နီပြည်တွင် ၂၀၂၂ ခုနှစ် တစ်နှစ်အတွင်း စစ်ရာဇဝတ်မှုများဖြစ်သည့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် အကြောင်းမဲ့ ပစ်သတ်ခံရမှုကြောင့် ပြည်သူ (၁၀၅) ဦး သေဆုံးခဲ့ရပြီး ၎င်းတို့အနက် အသက် ၁၈ နှစ်အောက်ကလေး ၁၉ ဦးအထိ ပါဝင်ကြောင်း ကရင်နီ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ (KHAI) ၏ အချက်အလက်အရ သိရသည်။
သေဆုံးသူ (၁၀၅) ဦးအနက် အသက်အရွယ် ခွဲခြားလို့မရသည့် ရုပ်အလောင်း (၃၇) ဦး ရှိပြီး အသက် (၁၈) နှစ်အောက်ကလေး သေဆုံးသူ ၁၉ ဦးထက်လည်း ပိုနိုင်ကြောင်း KHAI လက်ထောက်အမှုဆောင်ဒါရိုက်တာ ခူးကြူးဖဲကေးက ပြောသည်။
“အဲ့အသက် (၁၈) နှစ်မပြည့်သေးတဲ့ ကလေးသူငယ်သေဆုံးမှုက (၁၉) ဦးရှိပြီး၊ ကျားက (၁၀) ယောက်နဲ့ မ က (၉) ယောက်နှုန်းဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူစုစုပေါင်းသေဆုံးမှုအထဲမှာ အသက် (၁၈) နှစ်အောက်ကလေးသူငယ်တွေသေဆုံးမှုက (၁၉) ယောက်ထိ ရှိခဲတာမို့ အကြမ်းဖက် စစ်တပ်ဟာ အင်မတန်မှဆိုးဝါးတဲ့ လူအခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ ကျနော်တို့ သုံးနှုန်းချင်ပါတယ်။ ဒီလူအခွင့်အရေးချိုးဖောက်မှုနဲ့ စစ်ရာဇဝတ်ကျူးလွန်မှုများကို နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံတွေကနေ လက်ပိုက်ကြည့်မနေသင့်တော့ပါဘူး။ စစ်အုပ်စုရဲ့ ရက်စက်မှုတွေကို အရေးယူဖို့အထူးလိုအပ်နေပါပြီ“ ဟု သူကပြောသည်။
ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံ၊ မိုးဗြဲဒေသအပါအဝင် သေဆုံးသူအများဆုံးမှာ လွိုင်ကော်မြို့နယ်ထဲကဖြစ်ပြီး ၄၂ ဦး၊ ဒုတိယအများဆုံးမှာ ဒီးမော့ဆိုမြို့နယ်ကဖြစ်ပြီး ကျား (၆၁) ဦး၊ မ (၂၁) ဦးနှင့် ရုပ်အလောင်းအတည်ပြုလို့မရသည့် အချက်အလက်အရ (၂၃) ဦးရှိကြောင်း သိရသည်။
စစ်ကောင်စီတပ်၏ ပစ်ခတ်ခံရပြီး ရုပ်အလောင်း မီးရှို့ဖျက်ဆီးခံရခြင်းကြောင့် အတည်ပြုလို့မရသည့် ရုပ်အလောင်းလည်းရှိကြောင်း သိရသည်။
စစ်ကောင်စီအာဏာသိမ်းပြီး (၇၈၉) ရက်အတွင်း ကရင်နီပြည်တွင် စစ်ရှောင်အပါအဝင် အရပ်သားသေဆုံးသူ (၄၃၉) ဦးအထိရှိကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။