ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့အနီးရှိ အမှတ် (၃၄၄) အမြောက်တပ်ရင်းကို အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်နှင့် ဒေသခံများက ပြောသည်။
လက်ရှိ၌ ထိုတပ်ရင်း၏ ကာကင်းစခန်းများနှင့် တပ်ရင်းထဲကို အာရက္ခတပ်တော်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး စစ်ကောင်စီကလည်း လက်နက်ကြီးပစ်ကူအပြင် စက်တပ်လေထီးများဖြင့်လည်း တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“အမြောက်တပ်က မြောက်စမ်းရွာမှာ အခြေစိုက်ထားတာ အမြောက်တပ်ရဲ့ကာကင်းတွေကို စပြီးတိုက်နေကြပြီ။ စစ်ကောင်စီကတော့ စက်တပ်လေထီးတွေနဲ့ပဲ အဓိကပစ်ကူပေးပြီး ခုခံနေရတယ်။ အမြောက်တပ်မှာတော့ ကျုံပျော်ဘက်ကပို့ထားတဲ့ ပြည်သူ့စစ် စစ်ကူတွေ ရာနဲ့ချီရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အာရက္ခတပ်တော်နှင့်ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေသည့် အမြောက်တပ်မှာ ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ ဂွ ရိုးမတောင်တန်းကို ထိန်းချုပ်ရန် စစ်ရေးအရအရေးပါသည့် တပ်ရင်းဖြစ်သည်။
အဆိုပါတပ်ရင်းမှာ ငါးသိုင်းချောင်းမြို့နှင့် ၁၅ မိုင်အကွာတွင် တည်ရှိသည်။
လက်ရှိ၌ ငါးသိုင်းချောင်းမြို့ခံများမှာလည်း ရေကြည်မြို့နှင့် ဘေးလွတ်ရာနေရာတချို့ကို ကြိုတင်ရွေ့ပြောင်းနေကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့ခံ အမျိုးသားတစ်ဦးက “အမြောက်တပ် ၃၄၄ တပ်ရင်းမှာ တိုက်ပွဲဖြစ်နေတယ်။ လက်နက်ကြီး ပစ်ခတ်သံတွေ အရမ်းကြားရတယ်။ ငါးသိုင်းချောင်းနဲ့က ၁၅ မိုင်သာသာလေးပဲ ရှိတော့တာကြောင့် မြို့ခံတွေက ကြိုပြီးရှောင်နေကြသူတွေ ရှောင်နေကြပြီ။ ရေနံသာဂိတ်မှာလည်း စစ်ကောင်စီက ခံစစ်တွေ အခိုင်အမာ ပြုလုပ်နေတယ်” ဟု ပြောသည်။
အမတ (၃၄၄) တပ်ရင်းအား ထိုးစစ်ဆင်တိုက်ခိုက်နေမှုနှင့် ပတ်သတ်ပြီး အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များက လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ၂၀၂၅ခုနှစ် ဇန်နဝါရီကစပြီး ဧရာဝတီတိုင်းကို စတင် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ပုသိမ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် တိုက်ပွဲများရှိနေသည်။
လက်ရှိတွင် ဧရာဝတီတိုင်းရှိ ဗေဒါစစ်ဆေးရေးဂိတ်၊ မကျီးဇင်ကျေးရွာ၊ ဘောမိကျေးရွာနှင့် ကျားခေါင်းကျေးရွာတို့အနီးက စစ်ကောင်စီတပ်စခန်းများကို AA က သိမ်းပိုက်ထားသည်။
အောင်ထိန် (DMG) ပေးပို့သည်။