အောင်လံတွင် စစ်ကော်မရှင်၏ လက်နက်ကြီးနှင့် ဒရုန်းကြောင့် ကျေးရွာ ၇ ရွာက ဒေသခံများ ထွက်ပြေးတိမ်းရှောင်

By MPM 4 မတ်, 2026 👁 3

မကွေးတိုင်း အောင်လံမြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့ က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ကျေးရွာ ခုနစ်ရွာမှ ဒေသခံ ၃,၀၀၀ ခန့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း အောင်လံလူထုအဖွဲ့ က သတင်းထုတ်ပြန်သည်။

မတ်လ ၁ ရက်နေ့ မှ မတ်လ ၃ ရက်အထိ သုံးရက်တာ ကာလအတွင်း ပြည်သူများနေထိုင်ရာ ကျေးရွာများကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများပြုလုပ်နေခြင်း ဖြစ်သည်။

မတ်လ ၁ရက်နေ့ မနက်ပိုင်း မှန်ပြတောင်ဘုရားတောင်ပေါ်မှနေ၍ စစ်ကော်မရှင်တပ်ဖွဲ့သည် ဒါးစမ်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်မှု ၂၇ ကြိမ်အထိ ပြုလုပ်ခဲ့ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်အလုံးများ ရွာအနီး တောတောင်များအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း အောင်လံလူထုအဖွဲ့ ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုများကြောင့် ဒါးစမ်းကျေးရွာအတွင်းရှိ နေအိမ် ၂၇ လုံး နှင့် ဘုန်းကြီးကျောင်းဆွမ်းစားဆောင်တလုံး မီးလောင်ပျက်စီးမှုများရှိခဲ့ပြီး နွား ဝက် ကဲ့သို့သော အိမ်မွေတိရစ္ဆာန်များ သေဆုံးခဲ့ကာ ပြည်သူများထိခိုက်မှုမရှိခဲ့ကြောင်း အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက ဆိုသည်။

“လက်နက်ကြီးက ကျေးရွာရဲ့ အပြင်ဘက်ကိုယ်စတင်ကျရောက်တာဆိုတော့ ရှောင်တိမ်းချိန်ရလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ဒါးစမ်းကျေးရွာမှ ဒေသခံပြည်သူများ ကျေးရွာအတွင်းတွင် နေထိုင်ရဲခြင်းမရှိတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။

အလားတူ မတ်လ ၂ ရက်တွင်လည်း ဘွတ်ကြီးတံတားအနီးတွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်ဖွဲ့က ဒါးစမ်းကျေးရွာနှင့် မြောက်ဘက် ကပ်လျက်တွင်ရှိသည့် စီရွာအနီးကို လက်နက်ကြီးဖြင့် သုံးချက်ပစ်ခတ်ခဲ့ရာ ရွာ၏အပြင်တောင်ဘက်ကို တလုံးနှင့် ရွာ၏အပြင် အနောက်ဘက်ကို နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့သည်။

လူနှင့် နေအိမ်များ ထိခိုက်ပျက်စီးမှု မရှိခဲ့သော်လည်း ကျေးရွာနေဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးကြရသည်။

မတ်လ ၃ ရက် မနက် ၈ နာရီအချိန်တွင် စစ်ကော်မရှင်တပ်ဖွဲ့ သည့် ကင်းထောက် ဒရုန်းများဖြင့် ထောက်လှန်မှုများ ပြုလုပ်ပြီးနောက် စီရွာအနီးရှိ ကန်စွန်းအင်းကျေးရွားဘက်သို့ လက်နက်ကြီးပစ်ခတ်မှု ရှစ်ကြိမ် ပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်တပ်ဖွဲ့ ၏ ယခုကဲ့သို့ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အောင်လံမြို့နယ်အနောက်တောင်ခြမ်းရှိ ဒါးစမ်း ၊ စီရွာ၊ ဆင်တုတ်၊ ချင်းကုန်းကြီး၊ အင်းတော်သာ/ အင်းရွာကြီး/ ကျောက်စောင်း ကျေးရွာမျာအပါအဝင် ကျေးရွာခုနစ်ရွာထက်မနည်းရှိ ဒေသခံ ၃,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးနေရခြင်းဖြစ်သည်။

“စစ်ရှောင်တွေအတွက် စားသောက်ကုန်များနှင့် မိုးကာများ သောက်ရေသန့်များ အဓိကလိုအပ်နေလျှက် ရှိပါတယ်” ဟု အောင်လံလူထုအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ယင်းအပြင် စစ်ကော်မရှင်တပ်ဖွဲ့သည် မြေပြင်မှ ခြေလျင်စစ်ကြောင်းထိုးမည်ဟု သတင်းများထွက်ပေါ်နေသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြဖို့ရန်လည်း တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

မဇ္ဈိမ