မွန်ပြည်နယ်၊ ရေး၊ သံဖြူဇရပ်မြို့နယ်ရှိ မြို့တွင်းစစ်ဆေးရေးဂိတ်နှင့် မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်ရှေ့ ဖြတ်သန်းသွားလာသူ ဒေသခံများ အကြောင်းမဲ့ ပြစ်ဒဏ်ပေးခံနေသည်ဟု ဒေသတွင်းသတင်းအရင်းမြစ်များမှ သိရသည်။
အာဏာသိမ်းစစ်ဆေးရေးဂိတ်ရှေ့ ဖြတ်သန်းသွားလာသူများသည် စစ်ကော်မရှင်ဘက်မှ စစ်ဆေးမေးမြန်းမှုလုပ်ဆောင်ပြီးနောက် ဂိတ်ရှေ့လမ်းမပေါ်တွင် အကြောင်းမဲ့ ထိုင်ထလုပ်စေခြင်း၊ နေပူလှန်းစေခြင်းနှင့် ဂိတ်အနီးတစ်ဝိုက်ရှိ အုတ်သဲကျောက်များကို သယ်ယူစေခြင်းများဖြင့် ပြစ်ဒဏ်ပေးလေ့ရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်ခန့်က ရေးမြို့နယ်အခြေစိုက် အမှတ် ၁၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ရှေ့တွင် စစ်ကော်မရှင်တပ်သားတို့က ဒေသခံလမ်းသွားလမ်းလာ လူငယ်လူရွယ်၊ အမျိုးသမီး၊ အမျိုးသားအပါအဝင် လူ ၁၀၀ ဝန်းကျင်ကို နေပူတွင် လက်မြှောက်၍ နာရီပိုင်းကြာ ရပ်စေခဲ့ကြောင်း သိရသည်။
“သူတို့ (စကမ) က မှတ်ပုံတင်၊ ယာဉ်မောင်းလိုင်စင်၊ ဆိုင်ကယ်၊ ကားလိုင်စင်တွေ စစ်တယ်။ စစ်ပြီးတော့ အထောက်အထားပြည့်စုံလည်း အပြစ်ဒဏ်ပေးတယ်။ နေပူထဲ လက်မြှောက်ခိုင်းတယ်။ ၂ နာရီ ကျော်ကျော်လောက်မှ သူတို့ပြန်လွှတ်ပေးတာ” ဟု ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုနေ့က အကြောင်းမဲ့အပြစ်ဒဏ်ပေးခံရသူများအနက် အသက်လတ်ပိုင်း အမျိုးသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်မှုလုပ်ဆောင်ခဲ့သေးကြောင်းလည်း ဆက်ပြောသည်။
အလားတူ ဒေသန္တရအမိန့် ဖောက်ဖျက်မှုကြောင့်ဟုဆို၍ ငွေကြေးတောင်းခံခြင်းနှင့် ဂိတ်ရှေ့အပြစ်ပေးခြင်းနှင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခြင်းများကိုလည်း ပြုလုပ်နေသည်။
“အမျိုးသားနှစ်ယောက် ဆိုင်ကယ်တစ်စီးထဲမစီးရတဲ့ဥပဒေကို ထုတ်ပြီးကတည်းက စီးတာတွေ့ရင် သဲသယ်ခိုင်းတာတို့ အုတ်သယ်ခိုင်းတာတို့ရှိတယ်။ လမ်းမှာ ကြုံရင်ကြုံသလို အပြစ်ဒဏ်ပေးတယ်” ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ယခုလိုပြုလုပ်နေခြင်းကြောင့် ဒေသခံလူငယ်များနှင့် ကုန်ရောင်းဝယ်သူများ ဂိတ်ရှေ့မဖြတ်ရဲတော့ဘဲ ဖြတ်လမ်းမှ သွားလာနေရကြောင်း ဆိုသည်။
အာဏာသိမ်းစစ်အုပ်စု၏ အာဏာစက်ရှိနေသည့် မြန်မာပြည်တောင်ပိုင်းဒေသတွင် ရွေးကောက်ပွဲ မဖြစ်ဖြစ်အောင် ကျင်းပနိုင်ရန်အတွက် လုံခြုံရေးနှင့် စစ်ဆေးရေးဂိတ်များ တိုးမြှင့်ထားသည့်အပြင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်မှုများကိုပါ လုပ်ဆောင်နေသည်။
လက်နက်ကိုင်ဆောင်ထားခြင်းမရှိသည့် ဒေသခံပြည်သူများကို အကြောင်းမဲ့ ပြစ်ဒဏ်ပေးနေသည်နှင့် အတင်းအဓမ္မ ဖမ်းဆီးနေသည့်အပေါ် လက်မခံနိုင်ကြောင်းလည်း သက်ဆိုင်ရာ မွန်ဒေသခံများက ပြောဆိုလျှက်ရှိသည်။
လွတ်လပ်သော မွန်သတင်းအေဂျင်စီ