ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ မသုန်ရွာအနီးရှိ ကာကွယ်ပစ္စည်းစက်ရုံ (ကပစ – ၁၆) ကို မတ် ၄ ရက်နေ့တွင် အာရက္ခတပ်တော် (AA) က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။
ဒေသအတွင်းက စစ်ရေးအခြေအနေကို သိရှိထားသူတစ်ဦးက “အေအေတပ်ဖွဲ့ဝင်တွေက ကပစ (၁၆) ကို ရှော့တိုက်ဒုံးနဲ့ ဟိုတစ်နေ့က ပစ်ခတ်တာ နှစ်လုံး မဟုတ်ရင် သုံးလောက်က ကပစ အထဲကို ကျရောက်ပေါက်ကွဲတာရှိတယ်။ အဆောက်အဦတချို့ကို ထိမှန်တာရှိပါတယ်။ အထိအခိုက် အပျက်အစီးကိုတော့ အတိအကျ မသိရပါဘူး” ဟု နိရဉ္စရာကို ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များသည် ကပစ (၁၆) အနီးဝန်းကျင်တွင် ဆက်လက် လှုပ်ရှားမှုများရှိနေသဖြင့် စစ်ကော်မရှင်ဘက်ကလည်း ဒရုန်းများ၊ Y-12 အပါအဝင် ဂျက်တိုက် လေယာဉ်များဖြင့် နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
လက်ရှိစစ်ကော်မရှင်သည် ကပစ (၁၆) ပတ်လည် ၂ မိုင်ခန့်ရှိ ဥယာဉ်ခြံမြေများကို ဒရုန်းများဖြင့် ဓာတ်ဆီသွန်ကာ မီးရှို့ထားသဖြင့် AA က အဝေးကနေ၍ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စစ်ကော်မရှင်က ကပစ (၁၆) ပတ်လည်မှာရှိတဲ့ ဥယာဉ်ခြံတွေ၊ သစ်တောတွေကို ဒရုန်းနဲ့ ဓာတ်ဆီသွန်ပြီး မီးရှို့ထားတယ်။ အသေခံဒရုန်းတွေမှာ ဓာတ်ဆီပုလင်းတွေကို ဗုံးတွေနဲ့ အတူ ပစ်ချတာ။ ပတ်ပတ်လည် တောတောင်တွေ အကုန် မီးလောင်ကုန်ပြီ။ အေအေတပ်ဖွဲ့ လာရင် အဝေးကနေ မြင်အောင် တောတောင်တွေကို ရှင်းထားတယ်။ သူတို့ အဓိက မသုန်မှာ အဓိက ခံစစ်ပြင်ထားတယ်” ဟု ပြောသည်။
စစ်ကော်မရှင်သည် မသုန်ရွာတွင် အဓိက အမာစခန်း တည်ဆောက်ထားပြီး ကပစ (၁၆)ကို ကာကွယ်ရန် ပြင်ဆင်ထားသည်ဟု သိရသည်။
“သူတို့က မသုန်မှာ အင်အားအကြီးအကျယ်ဖြည့်ထားတယ်။ အမာခံ ကတုတ်ကျင်းတွေလည်း တည်ဆောက်ထားတယ်။ တိုက်ပွဲကတော့ ကပစ (၁၆) အနီးဝန်းကျင်မှာ ယခင်ကထက် တိုက်ပွဲတွေ ဖြစ်နေတယ်။ စစ်ကော်မရှင်က အခု ထိုးစစ်ထက်၊ ခံစစစ်ကို ပြင်နေတာ တွေ့နေရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ AA နှင့် ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ အနီးကပ်ဖြစ်လာသဖြင့် စစ်မှုထမ်း တပ်သားသစ်များမှာ ကာကင်းစခန်းများ၊ စစ်ကြောင်းများထဲမှ နေ့စဉ်လိုလို ထွက်ပြေးမှုများရှိနေသဖြင့် မတ်လ ပထမအပတ်တွင် AA နှင့် ပူးပေါင်းတပ်ဖွဲ့က အနည်းဆုံး (၁၀) ယောက်ခန့် ဖမ်းမိထားသည်ဟု ခိုင်လုံသည့် သတင်းရပ်ကွက်အရ သိရသည်။
နိရဉ္စရာ